၈။ သူက သူခိုးမ
သူမအတိတ်မမေ့ခင်တုန်းက သူမဘာအလုပ်လုပ်ခဲ့ဖူးလဲ ဘာသဲလွန်စမှ ရှာမရဘူး။ သူမက လုံခြုံရေးအစောင့်တွေကို တနည်းနည်းနဲ့ ဖြတ်ဝင်လို့ရခဲ့တယ်။ သူမက ရေချိုးခန်းသေးသေးလေးနဲ့ အဝတ်လဲခန်းတစ်ခုကို ရှာတွေ့ခဲ့တယ်။ ရေကျသံတွေနဲ့ ရယ်သံတွေကို ကြားခဲ့တယ်။ လေထုထဲမှာ ရေငွေ့တွေလည်း အပြည့်ပဲ။ အဝတ်လဲခန်းအလယ်မှာ lockersတွေနဲ့ ထိုင်ခုံတွေ နှစ်ဖက်လုံးမှာ စီစီရီရီရှိနေတယ်။ ခုံတန်းပေါ်မှာ ခုနက ရေချိုးခန်းဝင်သွားတဲ့သူရဲ့ အဝတ်တစ်စုံ ရှိနေတယ်။
သူမလမ်းလျှောက်သွားပြီး ထိုင်ခုံပေါ်မှာ ထိုင်ချလိုက်တယ်။ သွေးစွန်းနေတဲ့ အပေါ်ဝတ်အကျႌကို ချွတ်လိုက်ပြီး သူမဒဏ်ရာကို ကြည့်လိုက်တယ်။ သူမရှေ့မှာ မှန်တစ်ချပ်ရှိတယ်။ သူမခန္တာကိုယ်အပေါ်ပိုင်းကို မှန်ထဲမှာ ကြည့်လိုက်တဲ့အခါ သူမကြောင်မိတယ်။
Operationလုပ်ပြီးလို့ နိုးလာတဲ့အချိန်မှာ သူမဒဏ်ရာရမှန်းသာသိတယ်။ သူမဗိုက်မှာ ပတ်တီးထူထူကြီးစီးထားတယ်။ ဒါပင်မယ့် မှန်ထဲမှာ သူမကိုယ်သူမကြည့်မိလိုက်တဲ့အခါမှာ သူမကိုယ်ပေါ်မှာ ဒဏ်ရာတွေက တစ်ခုမကဘူး။
ဗိုက်ကဒဏ်ရာက ပွင့်သွားပြီး ပတ်တီးတစ်ခုလုံးမှာ သွေးတွေရွှဲနေတယ်။ ဒဏ်ရာသေးသေးလေးတွေလည်း ရှိနေသေးတယ်။ မှန်ထဲမှာ သူမမျက်နှာကို သေချာစူးစမ်းကြည့်လိုက်ပြန်တယ်။ သူမမျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မျက်လုံးတွေကလည်း အသက်မဲ့နေတယ်။ သူမမျက်လုံးတွေက ချောင်ကျနေတယ်။ ချဲ့ကားပြောနေတာ မဟုတ်ပင်မယ့် သူမကအလောင်းကောင်လိုပဲ။
ငါဘယ်သူလဲ?
အတိတ်မမေ့ခင် ငါဘာတွေဖြစ်ခဲ့တာလဲ?
ဘာအစအနမှ လုံးဝမရှိရတာလဲ?
ငါ့ခန္တာကိုယ်က ဒဏ်ရာတွေကရော ဘယ်လိုလုပ်ရတာလဲ?
ငါဒဏ်ရာရနေတဲ့အချိန်မှာ ငါ့ကို ဘာလို့ ဘယ်သူကမှ မရှာကြတာလဲ?
အဖြေလိုချင်တဲ့ မေးခွန်းတွေ သူမမှာ အများကြီးရှိတယ်။
ရေချိုးခန်းထဲကနေ အပြင်ကိုထွက်လာတဲ့ ခြေသံတွေကြောင့် သူမအတွေးတွေကို ရပ်လိုက်တယ်။ သူမတစ်ချက်လှည့်ကြည့်လိုက်ပြီး အပြာရောင် blouseအကျႌခပ်ပွပွလေးနဲ့ မီးခိုးရောင်coatအကျႌအရှည်ကို အမြန်ဝတ်ဆင်လိုက်ကာ ထထွက်လိုက်တယ်။ ဆေးရုံဝတ်စုံကို လက်မှာကိုင်ရင်း တံခါးကနေ ခပ်သုတ်သုတ်လျှောက်သွားလိုက်တယ်။
🌊 🌊 🌊
နောက်တစ်ကြိမ် မော့ဟန်က ကောင်မလေးကို ပြန်တွေ့တော့ နှစ်ရက်လောက်ကြာသွားပြီ။
အဲ့ဒီနေ့က သူfirmကနေ အိမ်ကို ကားမောင်းကာ ပြန်ထွက်လာတာ ည၁၀နာရီလောက်ရှိနေပြီ။ သူအိမ်ပြန်တဲ့လမ်းမှာ ဆေးလိပ်သောက်ချင်စိတ်က ဆိုးဝါးလာတယ်။ ကားကိုလမ်းဘေးထိုးရပ်ကာ ပိုက်ဆံအိတ်ယူပြီး အနီးဆုံးsuper marketကို စီးကရက်တစ်ထုတ် သွားဝယ်လိုက်တယ်။
Super marketအဝင်ဝမှာ သူမကို ပြန်တွေ့လိုက်တယ်။
သူမက အဝတ်အစားတစ်စုံလဲလိုက်ပင်မယ့် လွန်ခဲ့တဲ့ ၂ရက်က ရုံးမှာတွေ့တုန်းကလိုပဲ မျက်နှာလေးက သွေးအားနည်းကာ ဖြူဖျော့နေတုန်းပဲ။ သူမက အရမ်းပင်ပန်းနေတဲ့ပုံပေါ်တယ်။ အဲ့ဒီအချိန်မှာ ကောင်တာကမိန်းမက သူမကိုရိုက်လိုက်တယ်။
သူမက စကားတစ်ခွန်းမှလည်း ပြန်မပြောသလို ခေါင်းလည်းငုံမထားဘူး။ သူမက ကောင်တာကိုမှီကာ နဖူးကိုလက်ထောက်ထားရင်း တိတ်ဆိတ်စွာ ရပ်နေတယ်။ ညဥ့်နက်နေတာကြောင့် super marketမှာ လူမရှိဘူး။ ကောင်တာကမိန်းမက စွာတေးလန်နေပြီး ကောင်မလေးကို နှိမ်နေတယ်။
မော့ဟန်က သူတို့ဆီ ဘာလို့လျှောက်သွားမိတာလဲ မသိဘူး။ သူ့မှာစပ်စုတက်တဲ့အကျင့် မရှိပါဘူး။ ဒါပင်မယ့် အဲ့ဒီညတုန်းက သူက သူတို့ဆီလျှောက်သွားပြီး မေးခဲ့တယ်။
“ဘာတွေဖြစ်နေတာလဲ?”
သူမက ခေါင်းမော့ကြည့်တော့ သူ့ကိုမြင်သွားတယ်။ သူမက နည်းနည်းလန့်သွားပင်မယ့် သူ့ကိုလုံးဝမကြည့်တော့ဘူး။ အဆင်မပြေတဲ့ပုံလေးနဲ့ ကောင်တာကို လက်တစ်ဖက်ကထောက်ကာ တစ်ဖက်က ဗိုက်ပေါ်ကိုဖိထားတယ်။
“သူက သူခိုးမ”
ကောင်တာကမိန်းမက ပြောတယ်။
ကောင်မလေးက မျက်လုံးတစ်ချက် လှန်လိုက်ပင်မယ့် ဘာမှပြန်မပြောဘူး။
မော့ဟန်က သူမဘက်ကိုလှည့်ကာ မေးလိုက်တယ်။
“တစ်ခုခု ခိုးထားလား?”
“Super marketက ဒါလေးနည်းနည်းလောက် အကြွေးယူလို့ရမလား မေးလိုက်ရုံတင်ပါ။ ဒါပင်မယ့် သူကငြင်းတယ်လေ”
ဒါကိုကြားလိုက်တဲ့အခါမှာ ကောင်တာကမိန်းမက ဒေါသထွက်သွားတယ်။ ကောင်မလေးကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြန်အော်ဟစ်ပြောတယ်။
“ကောင်မလေး နင်တော်တော်ရဲတာပဲ! နင့်မှာပိုက်ဆံမရှိဘဲနဲ့ ငါ့ကို ဆင်ခြေလာပေးနေတာလား? ပိုက်ဆံမရှိဘဲ နင်ဒါတွေကို ဘယ်လိုဝယ်မလဲ?”
“အဓိက အချက်က ဒါတွေကို နင်နဲ့အတူ ယူသွားဖို့ တင်းခံနေတာပဲ။ ဒါခိုးတာမဟုတ်ရင် ဘာလဲ? ကြောင်တောင်တောင်တွေ လာပြောမနေနဲ့တော့။ ငါအခုရဲခေါ်လိုက်မယ်!”
ကောင်တာကမိန်းမက ခါးထောက်ကာ ဒေါသတကြီးပြောတယ်။
မော့ဟန်က စားပွဲပေါ်ကဟာတွေကို ကြည့်လိုက်တယ်။ ဒါတွေက မုန့်ထုတ်၊ အသင့်စားခေါက်ဆွဲ၊ အာလူးကြော်နဲ့ ရေနှစ်ဘူးစတဲ့ စားစရာသောက်စရာတွေပဲ။ မဆိုင်တဲ့သူတစ်ယောက်လိုပဲ ကောင်တာက မိန်းမကို ပြောလိုက်တယ်။
“Sတံဆိပ် စီးကရက် တစ်ဘူးလောက်”