၆၀။ သူ့ကိုနားလည်နိုင်ဘူး
ရှန်ယို့က မော့ဟန်ဘေးတွင် ပူးကပ်ကာ သွားထိုင်သည်။ မော့ဟန်က စိတ်အခြေအနေမကောင်းမှန်း သူမမြင်ရသောကြောင့် သူစိတ်ပြေသွားရန်
“ဟုတ်ပါပြီ ငါဒီနေ့တကယ်လွန်သွားပါတယ်။ ဒီလိုထပ်မဖြစ်စေရတော့ပါဘူး။ နင်လည်း ပင်ပန်းလာတယ်မလား။ ငါတို့စောစောအိပ်ရာဝင်ရအောင်”
မော့ဟန်က ပင်ပန်းနေသည်။
‘အရင်တုန်းက တစ်ခါမှ မပင်ပန်းဘူးပင်မယ့် ဒီနေ့မှ ဘာဖြစ်တာပါလိမ့်?’
သူ့တစ်ကိုယ်လုံးက ရွံနွံထဲတွင်နစ်နေသလိုမျိုး သူလုံးဝမလုပ်နိုင်ဖြစ်နေသည်။
မော့ဟန်က ရှုချင်းရီဆီမှ တံခါးဖွင့်သံ ပိတ်သံကြားလို့ ကြည့်လိုက်သည့်အခါ ထိုကောင်မလေးက သူမအိပ်ရာတွေကိုသယ်ကာ အရင်တုန်းက သူမလုံးဝနေချင်စိတ်မရှိခဲ့သည့် ဧည့်ခန်းထဲသို့ ဝင်သွားသည်။
ရှန်ယို့က ရှုချင်းရီက သူမအခန်းထဲသူမသွားကာ တံခါးပိတ်သွားသည်ကို မြင်ကာမှ မော့ဟန်၏နားအနားကိုကပ်ကာ လေသံတိုးတိုးဖြင့်
“နင့်ညီမက ဘယ်ကတည်းက ရောက်နေတာလဲ? ဟိုတစ်ခေါက် ငါခေါ်တုန်းက ဒီအကြောင်းကို ဘာဖြစ်လို့ ငါ့ကိုမပြောတာလဲ?”
မော့ဟန်မှာ ရုတ်တရပ် ခေါင်းကိုက်လာလေပြီ။
“ငါနင့်ကိုပြောဖို့မေ့သွားတာ။ အချိန်မရှိတာနဲ့”
မော့ဟန်က သူ့ကိုဖက်တွယ်ထားသည့် ရှန်ယို့ကို ဖယ်လိုက်ကာ ပင်ပန်းစွာဖြင့်
“အခုမှပြန်ရောက်လာတာဆိုတော့ ပစ္စည်းတွေနေရာချပြီးရင် အိပ်နှင့်တော့။ ငါတစ်ယောက်တည်း ခနနေချင်သေးတယ်”
ရှန်ယို့က မော့ဟန်ထပ်ပြီး ဒေါသထွက်သွားမည် စိုးသောကြောင့် လေသံချိုချိုလေးဖြင့်
“အရင်ဝင်နှင့်မယ်။ ပြီးရင် ငါ့ဆီလာခဲ့နော်”
မော့ဟန်က ခေါင်းငြိမ့်လိုက်သည်။
သူကဆိုဖာပေါ်တွင် အကြာကြီးထိုင်နေသည်။ ရှုချင်းရီ၏အခန်းထဲမှ အချိန်အတော်ကြာသည့်တိုင်အောင် အသံထွက်မလာပေ။ စောစောအိပ်ရာဝင်လေ့ရှိသော ကောင်မလေးဖြစ်သောကြောင့် သူမအိပ်ပျော်နေလောက်ပြီ။ သူ့အခန်းထဲကနေတော့ အသံထွက်နေဆဲဖြစ်သည်။
သူ့အခန်းထဲကအသံမှာ တဖြည်းဖြည်းချင်းတိတ်သွားသည်နှင့် သူဆေးလိပ်သောက်ချင်လာသည်။
ဆေးလိပ်တစ်ဝက်ကျိုးသည့် အချိန်တွင် သူ့နောက်ဘက်မှ လှုပ်ရှားသံကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ ရှုချင်းရီက မီးဖိုခန်းထဲသို့ဝင်ကာ ရေလာသောက်ခြင်း ဖြစ်သည်။ သူမက သူ့ကိုမြင်လားမမြင်လား သူမသိပင်မယ့် ရေသောက်ပြီးထွက်လာသည့်အခါ သူမအခန်းထဲကို ပြန်ဝင်တော့မည့်ပုံ ဖြစ်သည်။
“ရှုချင်းရီ”
မော့ဟန်က ခေါ်လိုက်သည်။
ထိုကောင်မလေးက ခြေလှမ်းများကိုရပ်ကာ အသံလာရာကိုရှာပြီး သူ့ကိုကြည့်နေသော်လည်း ဘာမှပြန်မပြောပေ။
“ဒီကိုလာ”
မော့ဟန်က ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ပြီးနောက် ပြောသည်။
“ရေသောက်ပြီး အိပ်တော့မလို့”
“ဒီကိုလာလို့ ပြောနေတယ်”
မော့ဟန်က သူ့ဘေးကနေရာကို ပုတ်ပြကာ ပြောသည်။
သူမက ခနတွေးပြီးနောက် လာလေသည်။ သို့သော် သူ့အနားအထိတော့မဟုတ်ဘဲ ခပ်လှမ်းလှမ်းက တံခါးဝတွင် ရပ်နေခြင်းဖြစ်သည်။
“ဘာဖြစ်လို့လဲ?”
“စိတ်ဆိုးနေတာလား?”
ရှုချင်းရီက အချေအပြုံးလေးဖြင့်
“ဘာအကြောင်းမှမရှိဘဲ ပါးနှစ်ချက်လောက် ချခံလိုက်ရတာကို စိတ်မဆိုးဘဲနေမလား?”
“သူက. . .မဆင်မခြင်လုပ်လွန်းတယ်။ သူ့ကိုယ်စား တောင်းပန်ပါတယ်”
မော့ဟန်က သူမကိုကြည့်ရင်း ပြောသည်။
“ညီမလေးက အဲ့ဒီလောက် သနားဖို့ကောင်းမနေပါဘူး။ သူလည်းတောင်းပန်ပြီးသားပဲ”
“မျက်နှာကို ရေခဲကပ်ထားဦး။ မဟုတ်ရင် မနက်ဖြန် ယောင်နေလိမ့်မယ်”
မော့ဟန်က ပြောသည်။
“သိပါတယ်”
ရှုချင်းရီက လူအများစုကို နားလည်ပါသည်။ တချို့ဆိုရင် ပြောစရာတောင်မလိုဘဲ မျက်နှာထားနှင့် ကိုယ်ဟန်အမှုအယာကိုကြည့်ကာ သူတို့ဘယ်လိုလဲဆိုသည်ကို သူမနားလည်နိုင်သည်။ ဒါပင်မယ့်လည်း မော့ဟန်ကိုတော့ သူမဘယ်တုန်းကမှ ဒီလိုမျိုး နားမလည်နိုင်ပေ။
သူမက သူ့ကိုနားလည်တော့မည်ဟု ထင်လိုက်မိတိုင်း သူမအထင်မှားနေကြောင်းကို သူကသက်သေပြတက်သည်။
“တကယ်စိတ်ဆိုးရတဲ့အကြောင်းကိုသိလား?”
ရှုချင်းရီက မေးလိုက်သည်။
မော့ဟန်က သူမကိုကြည့်လာသည်။
“ကိုကြီးစိတ်ထဲမှာ ညီမလေးကို မွေးစားညီမတစ်ယောက်လို လုံးဝအသိအမှတ်မပြုသေးတာပဲ”
“ဘာဖြစ်လို့ ဒီလိုထင်ရတာလဲ?”
မော့ဟန်က ရှုချင်းရီကို မျက်မှောင်ကျုံကာ ကြည့်သည်။
“ကိုကြီးမိသားစုကို ညီမလေးအကြောင်း ဘယ်တုန်းကမှ မပြောထားတာ”
ရှုချင်းရီက သူ့မျက်လုံးထဲကို သေချာစိုက်ကြည့်ကာ ပြောသည်။
မော့ဟန်က သူမ၏ဒီလိုအကြည့်မျိုးကို အရင်တုန်းက တစ်ခါမှ မမြင်ဘူးပေ။ အရမ်းကိုပြတ်သားပြီး ပြင်းထန်လွန်းတော့ သူ့ရင်ဘတ်ထဲအထိတောင် စူးအောင့်သွားသလိုဖြစ်သည်။