၁၀။ စိတ်မပူပါနဲ့ မသေပါဘူး
အစားအသောက်တွေ ရောက်လာကတည်းက နှစ်ယောက်လုံးက တိတ်ဆိတ်ငြိမ်သက်စွာ စားနေကြတယ်။ ဘယ်သူမှ စကားမပြောကြဘူး။ သူမက ဗိုက်တော်တော်ကို ဆာနေတာ။ ဆေးရုံကဆင်းလာကတည်းက ဘာမှမစားရသေးတာကြောင့် ဗိုက်တောင်အောင့်နေတယ်။ Super marketမှာ အကြွေးယူဖို့ မျှော်လင့်ချက်နဲ့ ရွေးချယ်စရာမရှိဘဲ သွားလိုက်ရတာ ဖြစ်တယ်။ ဒါပင်မယ့် ကိစ္စတွေက ဒီလိုဖြစ်သွားလိမ့်မယ်လို့ သူမတကယ်မတွေးမိခဲ့ဘူး။ ကောင်တာကမိန်းမက သူမကို ရဲစခန်း ပို့ချင်လောက်တဲ့အထိပေါ့။
သူမက အစားအသောက်တွေကို အငမ်းမရစားလိုက်ပြီး သူမရှေ့ကလူကြီးကို ကြည့်လိုက်တယ်။ မော့ဟန်က တစ်ဝက်လောက်ပဲ စားလို့ပြီးသေးတယ်။ သူကခါးမတ်မတ်ထိုင်စားနေပြီး မတ်နေတဲ့သူပုံစံက စိတ်လုံခြုံမှုအပြည့်ရှိကြောင်းကို ပြနေတယ်။သူက စကားတစ်ခွန်းမှမပြောဘဲ ငုံစားနေတယ်။ ကျွမ်းကျင်နေတဲ့ သူ့အမှုအယာက အနောက်တိုင်းစားသောက်ဆိုင်ရဲ့ ဖောက်သည်ရင်းကြီးမှန်း သိသာနေတယ်။
စွပ်ပြုပ်ခွက်ထဲမှာ စွပ်ပြုတ်နည်းနည်းပဲ ကျန်တော့သလို သူမလည်းဗိုက်ထပ်မဆာတော့ဘူး။ ဒါပင်မယ့် သူမထိုင်နေပြီး သူစားတာကိုကြည့်နေရတာ ပျင်းလာပြီး အနေရကြပ်တယ်။ ဒါကြောင့် ထသန့်စင်ခန်းသွားဖို့ သူမဆုံးဖြတ်လိုက်တယ်။
“သန့်စင်ခန်းခန သွားလိုက်ဦးမယ်နော်”
သူမပြောပြီးရုံရှိသေးတယ်။ သူထမရပ်လိုက်တဲ့အခါမှာ စားပွဲစွန်းနဲ့ ဗိုက်ကိုမတော်တဆ တိုက်မိသွားတယ်။ ချက်ချင်းပဲ သူမတစ်ကိုယ်လုံးကို နာကျင်မှုက လောင်မြိုက်သွားတယ်။
သူမဗိုက်ကိုလက်နဲ့အုပ်ကိုင်ကာ မျက်နှာလေးက ရံှုမဲ့သွားတယ်။ ခနလေးအတွင်းမှာပဲ သူမလက်က သွေးလွှမ်းသွားတယ်။ အဝတ်က သွေးတစ်ချို့ကို စုပ်ယူထားလိုက်ပင်မယ့် သူမဒဏ်ရာက ပွင့်သွားပြန်ပြီ။
မော့ဟန်က ဇွန်းခရင်းကို လက်မှာကိုင်ထားရင်း စားတာကိုရပ်လိုက်တယ်။ ဗိုက်ကိုဖိထားပြီး မျက်နှာလေးရံှုမဲ့သွားတာကို မြင်လိုက်ရတော့ မယုံကြည်နိုင်ပုံရငွားပြီး
“ဘာဖြစ်လို့လဲ?”
သူမက ပြန်မပြောနိုင်လောက်တဲ့အထိ နာကျင်မှုကို သွားကြိတ်ကာ သည်းခံနေရတယ်။
မော့ဟန်က တစ်ခုခုမှားနေမှန်း ခံစားမိလိုက်တယ်။ ကောင်မလေးဆီကို လျှောက်သွားလိုက်တော့ ဗိုက်ကနေသွေးတွေ ထွက်နေတာ မြင်လိုက်ရတယ်။ သူမအောက်ပိုင်းက အဝတ်တွေအကုန်လုံးက သွေးတွေရွှဲနေပြီ။ သူချက်ချင်းပဲ ကောင်မလေးပုခုံးကို ထိနိးကိုင်ထားကာ မျက်ခုံးနှစ်ခုထိမတက် ကျုံ့သွားရင်း မေးတယ်။
“ဘာဖြစ်သွားတာလဲ?”
သူမက အားအင်ချိနဲ့စွာ ပြန်ဖြေတယ်။
“ကျွန်မ . . . ဒဏ်ရာက ပွင့်သွားပြီ။ ဆေးရုံပို့ပေးလို့ ရမလား?”
မော့ဟန်က သူမကို ကားပေါ်သယ်သွားကာ ဆေးရုံပို့ဖို့ပြင်လိုက်တယ်။
ကောင်တာမှာထိုင်နေတဲ့ ပိုင်ယုက မော့ဟန်က ကောင်မလေးကို အမြန်သယ်သွားတာ မြင်လိုက်တော့ အနောက်ကနေ အမြန်လိုက်လာကာ မေးတယ်။
“ဘာဖြစ်တာလဲ? ဟေ့ကောင် ဘာဖြစ်တာလဲ ငါ့ကိုပြောဦးကွ!”
ဘာအလေးချိန်မှ မရှိလောက်တဲ့အထိ ပေါ့ရွှတ်နေတဲ့ ကောင်မလေးကို သယ်ကာ
“ငါဆေးရုံခေါ်သွားမလို့။ ကျသလောက်ကို ငါ့နာမည်နဲ့ မှတ်ထားလိုက်”
ပိုင်ယုက နောက်ကနေ လိုက်လာကာ
“ငါ့ကိုလည်းခေါ်ဦး! ကူညီဖို့ လူပိုတစ်ယောက်လောက် ရှိမှပေါ့”
မော့ဟန်က နုံးချိကာလဲနေတဲ့ ကောင်မလေးကို ကားနောက်ခန်းထဲထည့်လိုက်ပြီး ကားစက်နှိုးလိုက်တယ်။ ဗိုက်ပေါ်မှာ လက်နှစ်ဖက်လုံးဖိထားပြီး သူမလက်ကြားထဲကနေ သွေးတွေက တစိမ့်စိမ့်ထွက်နေတယ်။ ပိုင်ယုက ကောင်မလေးရဲ့ဘေးမှာထိုင်လိုက်ပြီး မြင်လိုက်ရတာကြောင့် လန့်သွားတယ်။ မြန်နိုင်သမျှမြန်မြန် ကားမောင်းတဲ့ မော့ဟန်ကို ရှော့ရစွာ မေးလိုက်တယ်။
“သူဘာဖြစ်သွားတာလဲ? သွေးတွေ ဘာလို့အဲ့လောက် စိမ့်ထွက်နေရတာလဲ? ခုနလေးကတင် အကောင်းကြီးမလား?”
“ဒဏ်ရာပွင့်သွားတာ”
“ဒဏ်ရာ? ဘာဒဏ်ရာလဲ? အခုအခြေအနေအရဆိုရင် ဒဏ်ရာသေးသေးလေးတော့ မဟုတ်လောက်ဘူး။ ဒီကလေးမလေးကို ဘယ်လိုဒုက္ခတွေထဲ မင်းဆွဲသွင်းလိုက်တာလဲ?”
ပိုင်ယုက မေ့သွားတော့မတက် ဖြူဖျော့နေတဲ့ ကောင်မလေးမျက်နှာကို ကြည့်ကာ လန့်သွားတယ်။
“ဒီမှာသေသွားမှာတော့ မဟုတ်ဘူးမလား?”
ပိုင်ယုက ဘာမှစဉ်းစားမနေတော့ဘဲ အသည်းအသန်မောင်းနေတဲ့ မော့ဟန်ကို မေးလိုက်တယ်။
ပြင်းထန်နေတဲ့ အမှုအယာနဲ့ မော့ဟန်က ကားမောင်းနေပြီး စကားတစ်ခွန်းမှမပြောဘူး။ ပိုင်ယု့ဘေးမှာလှဲနေတဲ့ ကောင်မလေးက မေ့တော့မတက်ဖြစ်နေပင်မယ့် အားတင်းကာ ပါးစပ်လေးဖွင့်ပြီး
“စိတ်မပူပါနဲ့ မသေပါဘူး။ ကျွန်မ သွေးနည်းနည်း ထွက်နေရုံတင်ပါ”