၅၈။ ပါးရိုက်ခံရလေခြင်း
ရှန်ယို့က ရေခဲတစ်ပုံးဖြင့် လောင်းချခံလိုက်ရသလို ခံစားနေရသည်။ သူမက စကားပင် မပြောနိုင်တော့ကာ လက်ဖျားတွေလည်း အေးစက်နေသလို သူမကြက်သီးတောင်ထလာသည်။
‘မဖြစ်နိုင်တာ! မဖြစ်နိုင်ဘူး!’
သူမအဓိပ္ပာယ်မရှိသည်များကို ဆက်မတွေးမိစေရန် မော့ဟန်၏အိပ်ခန်းသို့ ရူးသွပ်နေသည့်သူတစ်ယောက်လို အမြန်ပြေးသွားသည်။ ဒါပင်မယ့် သူမတံခါးဖွင့်လိုက်သည့်အခါ ထိုနေရာမှာတွင်ပဲတောင့်ကာ အေးခဲသွားသည်။ မော့ဟန်အိပ်ရာဘေးက အခင်းပေါ်တွင် အိပ်ရာတစ်ခုပြင်ထားသည်။ ထိုအိပ်ရာမှာ မိန်းမတစ်ယောက်အိပ်ရာ ဖြစ်လောက်မည်။
သူမအထင်မှားနေပါလိမ့်မည်ဟူသည့် မျှော်လင့်ချက်သေးသေးလေးဖြင့် အခြားအခန်းတွေကို သူမဝင်စစ်တော့သည်။ ကံဆိုးစွာဖြင့် သူမအဝတ်ဗီဒိုတစ်ခု တွေ့လိုက်သည်။ ထိုဗီဒိုထဲတွင် အမျိုးသမီးအဝတ်များအပြည့်ဖြစ်ကာ အမျိုးသမီးတစ်ကိုယ်ရည်အသုံးအဆောင်များတင်ထားသည့် စားပွဲတစ်ခုလည်း သူတွေ့လိုက်သည်။
သူမခေါင်းတွေက ပေါက်ကွဲတော့မတက် ကိုက်ခဲလာသည်။ ဒီအမျိုးသမီးအဝတ်တွေကို မြင်နေရသည်မှာ သူမဒေါသထွက်လွန်းလို့ အံ့ကြိတ်မိလာသည့်အထိပင်။ သူမသည်းမခံနိုင်တော့သည့်အဆုံး ထိုအရာအားလုံးကို ဧည့်ခန်းထဲသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် သူမစိတ်ကြိုက် ဖနှောင့်ဖြင့် ပေါက်ပစ်သည်။ တစ်ကိုယ်အသုံးအဆောင်ပစ္စည်းများကိုလည်း လွှတ်ပစ်ကာ စိတ်ကြိုက်ရိုက်ခွဲပစ်လေသည်။ ထိုမိန်းမပိုင်သည်ဟုထင်ရသည့်အရာတိုင်းကို သူမအလွတ်မပေးချေ။ ဒီနေရာမှာ အခြားမိန်းမတစ်ယောက်၏ ဘာအငွေ့အသက်မှ ရှိနေစရာမလိုပေ။
‘မော့ဟန်က ငါတစ်ယောက်တည်းရဲ့အပိုင်ပဲ!’
ထိုမိန်းမမှာ သူမမရှိသည့်အချိန်တွင် အရှက်မဲ့ကာ မော့ဟန်ကို တွယ်ကပ်နေခြင်းပဲဖြစ်ရမည်။ ဒါပင်မယ့်လည်း ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ထိုမိန်းမကို သူ့လူအနားကထွက်သွားအောင် သူမသေချာပေါက်လုပ်ရမည်။
ရှန်ယို့က ဒေါသထွက်လွန်း၍ သူမဆံပင်တွေကိုတောင် သူမဆွဲဆောင့်မိနေပြီ။ သူမလက်တွေက တုန်ရီနေကာ သူမမရှိသည့်အချိန်တွင် ဘာဖြစ်သွားခဲ့သလဲဟု သူမမေးရန် ဖုန်းထုတ်လိုက်သည်။ သူမမခေါ်ခင်တွင်ပဲ အပြင်ဘက်က တံခါးဖွင့်လာသည့်အသံကို သူမကြားလိုက်ရသည်။
ရှုချင်းရီက လွယ်အိတ်ကလေးလွယ်ကာ အိမ်သို့ ပြန်ရောက်လာသည်။ သူမက တံခါးပိတ်လိုက်ပြီးတော့ ဖိနပ်လဲရန်လုပ်စဉ် သူမဖိနပ်တစ်စုံက ပျောက်လို့နေသည်။ မသေချာစွာဖြင့် သူမရှာကြည့်ရန် ခေါင်းမော့လိုက်သည့်အခါ သူမကိုဒေါသတကြီး စိုက်ကြည့်နေသော လှပသည့်အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမအဝတ်တွေနှင့် သူမပစ္စည်းအားလုံးမှာ ထိုအမျိုးသမီး၏ ခြေထောက်အောက်တွင် ဖြစ်သည်။
ရှန်ယို့က သူမလျှောက်မလာခင်တွင်ပဲ သူမဆီကို အမြန်လျှောက်လာကာ သူမပါးကို ရိုက်ချလိုက်သည်။
“အပျက်မ!”
လက်ဝါးရာနီနီကြီးမှာ သူမမျက်နှာပေါ်တွင် ထင်းလာသည်။ ရှုချင်းရီက သွေးထွက်သွားသည့် နှုတ်ခမ်းထောင့်ကို လျှာဖြင့်လျက်လိုက်ပြီးနောက် ခေါင်းလည်သွားအောင် ရိုက်ခံရသည့်အတွက် သူမခေါင်းမှာ မူးရိပ်ရိပ်ဖြစ်နေသည်။ သူမကိုယ်သူမထိန်းကာ ရှန်ယို့ကို မော့ကြည့်လိုက်သည်။
ပြောစရာမလိုလောက်အောင်ကို ဒီအမျိုးသမီးက ဘယ်သူမှန်း သူမရိပ်မိနေသည်။
‘ကိုကြီးရဲ့ကောင်မလေးပေါ့!’
ထိုအမျိုးသမီးမှာ သူမပစ္စည်းများမြင်သည့်အခါ သဝန်ကြောင်သွားခြင်း ဖြစ်မည်။ ဒါပင်မယ့်လည်း ဒီလောက်ကြီးကျတော့ လွန်လွန်းပါသည်။
ရှုချင်းရီက အပြုံးတစ်ပွင့်ကာ အားတင်းကာပန်ဆင်ရင်း
“သူ့ကောင်မလေးမလား?”
သူမဝင်ပေါက်မှာရပ်နေတုန်းက သူမကိုရန်လိုစွာ ကြည့်နေသည့် ထိုမိန်းကလေးကို တစ်ခုခုများ အထင်လွဲနေသသလားဟု သူမမေးတော့မလို့ အစကတွေးထားတာဖြစ်သည်။ ဒါပင်မယ့် ဒီအမျိုးသမီးမှာ အခြေအနေကို ပိုရှုပ်ထွေးလာအောင် သူမကိုပါးလာရိုက်သွားသည်။
ရှန်ယို့က အံ့ကြိတ်ကာ သူမကိုကြည့်ရင်း
“ဪ. . .ငါက သူ့ကောင်မလေးမှန်း နင်သိနေရဲ့နဲ့”
“တခြားသူတွေဆီကကြားဖူးပါတယ်”
ရှန်ယို့က သူမဒေါသကို မထိန်းနိုင်တော့သောကြောင့် နောက်တစ်ချက်လွှဲရိုက်လိုက်ပင်မယ့်လည်း ဒီတစ်ခါကတော့ ရှုချင်းရီက သူမလက်ကောက်ဝတ်ကနေ ဖမ်းထားလိုက်သည်။
“တစ်ခါရိုက်ရရင် တော်ရော်ပေါ့။ နောက်တစ်ခါရိုက်ရလောက်တဲ့အထိတော့ လွန်မလာနဲ့”
“ငါနင့်ကို ရိုက်ချင်သလောက် ငါရိုက်မှာပဲ! အပျက်မရဲ့! ဟွန့်! ကလေးပုံစံနဲ့ ငါ့ကိုလိမ်ရမယ်ထင်မနေနဲ့။ မော့ဟန်နဲ့ ဖြစ်နေတာ ဘယ်လောက်ကြာပြီပဲ? သူက နင့်ကိုတကယ်ချစ်တယ်များ ထင်နေလား? ငါတို့ဝေးနေတာကြာလို့ သူကအထီးကျန်လွန်းလို့သာ ဒီလိုဖြစ်ရတယ်လို့ ငါနားလည်ပါတယ်။ နင်က သူအထီးကျန်မှုပြေဖို့ အသုံးချရုံသက်သက်တင်! ကိုယ့်ကိုကိုယ်အထင်ကြီးမနေနဲ့!”