၆၅။ ကိုကြီးရဲ့ ကောင်မလေး
သူမကြိုးစားကာတွေးကြည့်သော်လည်း သူမမှတ်ညဏ်တွေကို သူမပြန်မရှာနိုင်သေးပေ။
“ဘာဖြစ်တာလဲ?”
ကျန်းယန်က ရှုချင်းရီမှာ ရုတ်တရပ်ရပ်တန့်သွားသည်ကို ထူးဆန်းစွာ တွေ့လိုက်သည်။
ရှုချင်းရီက ဘာကိုမှတွေးမရဖြစ်နေစဉ် သူမ၏အတွေးများကို ကျန်းယန်က ပြန်ဆွဲခေါ်သွားသည်။ သူမက ကျန်းယန်ကိုကြည့်ကာ ပြုံးပြလိုက်ပြီး
“ဘာမှမဟုတ်ပါဘူး”
ကျန်းယန်က သူမကို ထပ်မေးသည်။
“တကယ်တော့ ငါမေးချင်နေတာ တစ်ခုရှိတယ်။ လူသတ်သမားရဲ့ စိတ်အခြေအနေကို ဒီအမှုမှာ အချိန်တိုင်းနီးပါး ဘယ်လိုလုပ်ပြီး မင်းခန့်မှန်းနိုင်တာလဲ?”
ရှုချင်းရီက ထိုမေးခွန်းကြောင့် ကြောင်အသွားပြီး
“ကျွန်မလည်း မသိဘူး။ ဒီတိုင်း. . .စိတ်ထဲပေါ်လာတာ”
ကျန်းယန်က သူမကို အံ့သြစွာ ကြည့်နေမိသွားသည်။
“အမှန်အတိုင်းပြောရရင် ရှင်တို့ရဲတွေ အမှုကိုဘယ်လိုဖြေရှင်းတယ် သံသယရှိသူကို ဘယ်လိုဖမ်းလဲ ကျွန်မတကယ်မသိဘူး။ ဒါပင်မယ့် အမှုအနေအထားကိုကြည့်ရုံနဲ့ သူ့ရဲ့စိတ်အခြေအနေကို ခန့်မှန်းနိုင်နေတယ်။ သူ့အတွေးတွေနောက်ကိုလိုက်ပြီး လူသတ်သမားက အခင်းနေရာမှာ ထပ်ပေါ်လာမယ်ဆိုတာကို ကောက်ချက်ချလိုက်တာ။ ပြီးတော့ ကျွန်မအကြံပေးတဲ့ လူသတ်သမားကို ဟိုပုံတွေပြပြီး ရန်စကြည့်ဆိုတာကလည်း ခန့်မှန်းချက်ပါပဲ။ ကျွန်မလည်း အရမ်းကြီးတော့ မသေချာပါဘူး”
ကျန်းယန်က မျက်လုံးအပြူးသားဖြင့် သူမကိုကြည့်ကာ
“ဒါဆိုရင် ငါဘယ်လိုပြောရပါ့မလဲ? ငါပြောနိုင်တာကတစ်ခုက မင်းကဒီအပိုင်းမှာ ပါရမီပါလာတယ်”
ရှုချင်းရီက အပြုံးလေးဖြင့်
“မဟုတ်ပါဘူး။ ကျွန်မက ရှင့်ထက်နည်းနည်းလေးပိုပြောနိုင်ရုံလေးတင်ပါ”
“ရဲထဲဝင်လာပြီး ငါနဲ့အတူတူအလုပ်လုပ်ဖို့ စဉ်းစားကြည့်ပါလား?”
“ဟင့်အင်း”
ရှုချင်းရီက တွေဝေခြင်းမရှိဘဲ ချက်ချင်းငြင်းဆိုသည်။
“ဘာဖြစ်လို့လဲ?”
ရှုချင်းရီက ဘယ်လိုလုပ်ပြီး သူမက တခြားတစ်ယောက်အဖြစ် ဟန်ဆောင်ကာ နေထိုင်နေရသည်ကို ပြောလို့ရမလဲ? ပြောစရာမလိုအောင်ကို သူမကရဲတွေကိုလည်း မကြိုက်ပါ။ ရှုချင်းရီက အပြတ်ပြောလိုက်သည်။
“အမှုတွေကို ဘယ်လိုကိုင်တွယ်ရမှန်း မသိဘူးလို့ ကျွန်မပြောတယ်မလား? ကျွန်မက လူအကဲခတ်တာ တော်ရုံတင်ပါ”
“ဒါပင်မယ့် ဒီလိုဆိုရင် မင်းရဲ့အရည်အချင်းတွေကို ဖြုန်းတီးနေသလို ဖြစ်မနေဘူးလား?”
‘ငါ့အရည်အချင်းကို ဖြုန်းနေသလို ဖြစ်တယ်ဆိုရင်လည်း အဲ့လိုပဲရှိပါစေတော့။ ငါလည်း သူများတွေထက်ပိုပြီး တခြားသူတစ်ယောက်ရဲ့ စိတ်အခြေအနေကို သိမနေချင်ပါဘူး’
ရှုချင်းရီက သူမကိုယ်သူမတွေးနေမိသည်။
“အခုတော့ စာကိုပဲ အာရုံစိုက်ချင်သေးတယ်”
ရှုချင်းရီက သူမကိုယ်သူမထိန်းကာ ဒီလိုဟာသကို ရုပ်တည်လေးဖြင့် ပြောလိုက်သည်။
“ဘာတက်နေတာလဲ?”
“လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရေး”
“အဲ့ဒါက မင်းကို ရုံးထဲမှာပဲ တနေ့လုံး အလုပ်အမျိုးမျိုးလုပ်နေပြီး အားချိန်ကို ရှိမှာမဟုတ်ဘူးမလား?”
ရှုချင်းရီက ဘာမှပြန်မပြောလဲ ပြုံးရုံသာ ပြုံးနေသည်။ စိတ်ထဲမှာတော့ ကျန်းယန်ကို သူမအဆုံးမရှိအောင်ကို ကျိန်ဆဲနေခြင်းဖြစ်သည်။ သို့သော်လည်း သူမဒါကို မဖော်ပြပေ။
“အချိန်ပိုင်းအလုပ်လေးဘာလေး ရှာဖို့စိတ်ကူးရှိလား?”
ကျန်းယန်က အပျင်းပြေ စကားဆက်ပြောလိုက်သည်။
“ဘယ်လိုမျိုးလဲ?”
“မင်းရဲ့ ပျင်းစရာကျောင်းသူဘဝကြီးကို သနားလို့ ပြောတာပါ။ အမှုသည်တွေ သိချင်တာတွေကို စုံစမ်းပေးတဲ့ စုံထောက်အေဂျင်စီက ပိုင်ရှင်နဲ့ သိတယ်။ အလုပ်ချိန်ကလည်း ပုံသေမရှိသလို အလုပ်ကလည်း တော်တော်သက်တောင့်သက်သာရှိတယ်။ သူတို့က မင်းလိုအရည်အချင်းရှိတဲ့သူတွေပဲလိုတာ။ လခကလည်း မနည်းပါဘူး။ မင်းအလုပ်လုပ်ချင်ရင် ငါပြောပေးရမလား?”
ရှုချင်းရီက တွေဝေသွားသည်။ ကျန်းယန်ပြောသည့်အလုပ်မှာ အတော်ကို အဆင်ပြေပါသည်။ ထိုအကြံကို သူမမငြင်းချင်သလို သူမနှင့်လည်း ဒီအလုပ်မှာ သင့်တော်လှသည်။ သူမက အလုပ်ပဲလုပ်ချင်ကာ စာမလုပ်ချင်သူလည်း ဖြစ်သည်။ ဒါပင်မယ့် မော့ဟန်က ဒါကိုလုံးဝသဘောတူမှာ မဟုတ်ပေ။
“ရပါတယ်။ ကျွန်မဒီလိုနေရတာလည်း အဆင်ပြေပါတယ်”
“သဘောပဲ။ မင်းအလုပ်လိုချင်ရင်တော့ ငါ့ကိုပြောလေ”
ရှုချင်းရီက ကျန်းယန်နှင့် စကားပြောဆိုပြီးသည့်အခါ ညနေစောင်းပင် ဖြစ်နေပြီ။ မနေ့က မော့ဟန်၏ကောင်မလေးက သူမကို ပါးနှစ်ချက်ချသည်ကို တွေးမိသည့်အခါ အိမ်ကိုပြန်ရန်ပင် တွန့်ဆုတ်နေတော့သည်။
ရှုချင်းရီက ရှန်ယို့နှင့် ပြဿနာတက်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ သူမလိုချင်သည်ဟူ၍ ကိုကြီး၏ကောင်မလေးမှာ သူမကို ပြဿနာထပ်မရှာတော့ဖို့သာ ဖြစ်သည်။ သူမတို့ တစ်ယောက်နှင့်တစ်ယောက် စကားပြောခွင့်မရရင် ကောင်းမည်။ သူမတို့ဆုံရင်လည်း တစ်ယောက်ကိုတစ်ယောက် လျစ်လျူရှုထားကြရင် ကောင်းမည်။
‘ဒါပင်မယ့် သူတို့က နောက်ဆုံးတွင် လက်ထပ်ကြမှာ။ ရှန်ယို့က ငါ့ယောင်းမဖြစ်လာပြီး ငါတို့အတူနေကြရရင် ငါဘယ်လိုနေရပါ့မလဲ? တစ်မိုးအောက်မှာ အတူနေကြရမည်ဆိုလျှင် ငါကတော့ ရှန်ယို့၏စရိုက်ကို သည်းခံနိုင်လောက်မည် မဟုတ်ဘူး။ မော့ဟန်ကလည်း ငါ့အကိုအရင်းမဟုတ်ဘူးဆိုတော့ ငါ့ကို အိမ်ကနေ ကန်ထုတ်မှာလား မသေချာဘူး။ သူသာငါ့ကို စွန့်ပစ်လိုက်ရင် ငါဘယ်မှာ သွားနေရမှာလဲ? ငါဘယ်သူ့ကိုမှလည်း သိတာမှ မဟုတ်တာ’