၇၅။ ငါ့ကိုချစ်လား?
မော့ဟန်က သူမပြောနေသမျှကို နားမထောင်ဘဲ သူမကို အိပ်ရာပေါ်သို့ ပစ်တင်နေသည်။ ထို့နောက် ထိုစောင်ခြုံပေးလိုက်ကာ
“စိတ်မပူနဲ့။ မင်းဒီည နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်မခြင်း ငါထွက်မသွားဘူး”
“ရှိနေလည်း အိပ်မပျော်ဘူး!”
“ငါထွက်သွားရင် မင်းအိပ်ရာပေါ်မှာ အိပ်မှာကို မဟုတ်တော့ဘူး”
မော့ဟန်က အရင်တုန်းက ရှုချင်းရီထိုင်နေသည့်နေရာတွင် ထိုင်လိုက်သည်။ ရှုချင်းရီက အိပ်ရာပေါ်မှာ လှဲနေသည်ကို မြင်သည့်အခါ သူစိတ်နည်းနည်းသက်သာသွားသည်။
“တကယ်အိပ်မရတာ။ အိပ်ပျော်သွားခဲ့ရင်တောင်မှ တော်ကြာဆိုရင် အိပ်မက်ဆိုးမက်ပြီး နိုးလာလိမ့်မယ်”
ရှုချင်းရီက သူမအမှန်အတိုင်းပြောဖို့ ဆုံးဖြတ်ပြီးသည့်အခါ ပြောသည်။
မော့ဟန်က သူမနှင့် စကားပြောလိုက်သည်။
“ဘယ်လိုအိပ်မက်ဆိုးမျိုးလဲ?”
ရှုချင်းရီက ပြောသည်။
“ဟိုးပင်လယ်အနက်ကြီးထဲမှာ အိပ်ပျော်နေတာမျိုး မက်တာ။ ညီမလေးအနောက်က အားတစ်ခုက ပိုနစ်အောင် ဆွဲချနေသလိုမျိုး။ ပတ်ဝန်းကျင်တစ်ခုလုံးက စေးကပ်နေပြီး သက်တောင့်သက်သာမရှိဘူး။ ကြမ်းပြင်ကလည်း မှောင်မည်းနေတော့ ဘာကိုမှ မမြင်ရဘူး။ ဆေးရုံမှာ ကိုမာဝင်နေကတည်းက အဲ့ဒီအိပ်မက်ကိုပဲ ဆက်တိုက်မက်နေတာ”
မော့ဟန်က ဖုန်းမီးကိုဖွင့်ကာ အံ့ဆွဲထဲမှ ဆေးပုလင်းတစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် ဆေးတစ်ချို့ထုတ်ကာ ရှုချင်းရီကို ပေးလိုက်သည်။
“ဘာတွေလဲ?”
“အဖျားကျဆေး။ အိပ်ချင်စေတဲ့ဓာတ်နည်းနည်းပါတယ်။ သောက်လိုက်”
ရှုချင်းရီက စားပွဲပေါ်က ရေခွက်ကိုယူကာ မသောက်ချင်သော်လည်း သောက်လိုက်ရသည်။ ထို့နောက် မော့ဟန်ကို ကြည့်ကာ
“အခုအပြင်ထွက်လို့ရပြီ။ အိပ်ရာပေါ်မှာပဲအိပ်မှာပါ။ အိပ်မက်ဆိုးတွေမက်ရင်တောင် အိပ်ရာပေါ်မှာပဲ ဆက်အိပ်ပါ့မယ်”
မော့ဟန်က အိပ်ရာဘေးတွင် ဝင်ထိုင်လိုက်ကာ
“မင်းအိပ်ပျော်သွားရင် ထွက်သွားမှာပါ”
ရှုချင်းရီက မျက်လုံးကိုလှန်လိုက်မိပြီးနောက် မော့ဟန်ကို ဆက်ကြည့်မနေတော့ပေ။ သူမခေါင်းက မူးနေသောကြောင့် သူမအိပ်ချင်လာသည်။
မော့ဟန်က ရှုချင်းရီ၏နောက်ကျောလေးကို ကြည့်ရင်း သူပြောဖူးသမျှထဲမှာ အချိုသာဆုံးလေသံဖြင့်
“အိပ်တော့။ ငါဒီမှာစောင့်ရှောက်ပေးမယ်။ အိပ်မက်ဆိုးမက်လည်း မကြောက်နဲ့။ ဒီမှာမင်းအတွက် အမြဲတမ်းရှိနေပေးမယ်”
ဘာကြောင့်မှန်းမသိတော့လည်း ရှုချင်းရီက မျက်လုံးမှိတ်ကာအိပ်ဖို့ လွယ်ကူသွားသည်။ သူမအပေါ်ခြုံထားသည့်စောင်နှင့် အောက်ကနူးညံ့သည့်အိပ်ရာ၏ အဆင်မပြေမှုမှာ တဖြည်းဖြည်းလျော့သွားသည်။
‘ကိုကြီးဘေးမှာရှိနေရင် ငါဘာမှ စိုးရိမ်စရာမလိုတော့သလိုမျိုး ဖြစ်သွားတယ်။ အိပ်မက်ဆိုးမက်မယ်ဆိုရင်တောင် အဆင်ပြေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ နိုးလာလျှင် ဘေးမှာအဖော်ပြုမည့်သူတစ်ယောက် ရှိနေမှာပဲဟာ။ ဒီတစ်ခါလောက် ကြိုးစားပြီး ယုံယုံကြည်ကြည်နဲ့ အိပ်လိုက်တော့မယ်’
မော့ဟန်အခန်းထဲကနေ ထွက်လာချိန်မှာတော့ မနက်၂နာရီလောက် ရှိနေပြီ ဖြစ်သည်။ ကြမ်းပြင်ပေါ်တွင် အကြာကြီးထိုင်နေခဲ့သည်ဖြစ်သောကြောင့် သူ့ခြေထောက်မျာ ကျင်နေပြီ။ အခန်းထဲကနေ အသံမထွက်အောင် သတိထားကာ ထွက်သွားသည်။ ထို့နောက် ခြေထောက်ကျင်တာသက်သာမှ သူ့အခန်းထဲကို ဝင်လိုက်သည်။
သူ့အိပ်ခန်းမှာ မီးဖွင့်မထားသောကြောင့် နည်းနည်းမှောင်နေသည်။ သူကရှန်ယို့အိပ်နေပြီဟု ထင်သောကြောင့် သူမကိုမနှောက်ယှက်မိအောင် သတိထားကာ ဝင်လာသည်။ ထို့နောက် သူ့အိပ်ရာမဝင်ခင် အဝတ်လဲလိုက်သည်။
သူအိပ်ရာပေါ်ရောက်သည်နှင့် သူ့ဘက်ကို မျက်နှာလှည့်ထားသည့် ရှန်ယို့ဆီမှ မှောင်ပိန်းကာ အထီးကျန်လွန်းသည့်ညတွင် မေးခွန်းထုတ်လာသည်။
“ငါ့ကိုဆိုရင်ရော နင်ဒီလိုလုပ်ပေးမှာလား?”
မော့ဟန်က ပြောသည်။
“အများကြီးတွေးမနေနဲ့။ အိပ်တော့”
ရှန်ယို့က သူ့ကိုပဲဆက်ကြည့်နေရင်းက ငိုချင်လာသည့်စိတ်ကို မနည်းထိန်းကာ
“မော့ဟန် နင်သိလား? ဒုတိယနှစ်တုန်းက တက္ကသိုလ်မှာ ငါနင့်ကိုတွေ့တော့ အနာဂတ်မှာ ငါဒီတစ်ယောက်ရဲ့ ကောင်မလေးဖြစ်လာရင် အရမ်းကောင်းမှာပဲလို့ တွေးခဲ့ဖူးတယ်။ ငါကတော်ပြီး လှတဲ့သူဆိုတော့ နင့်ကိုငါ့အပိုင်ဖြစ်လာဖို့ဆိုရင် နည်းနည်းပဲ အားစိုက်ရမှာလို့ ထင်ခဲ့တာ။ အဲ့ဒါနဲ့ နင့်အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ ခင်အောင်လုပ်ပြီးတော့ ဘွဲ့ရတဲ့အချိန်အထိ သင့်တော်တဲ့အချိန်တိုင်း နေ့တိုင်း နင့်မျက်စိရှေ့အရောက်လာခဲ့တာ။ ငါတို့ဘွဲ့ရတော့မှ နင်က ငါ့ချစ်သူဖြစ်လာတာ။ ဒါပင်မယ့် အခုတော့ ငါနင့်ညီမလေး ရှုချင်းရီလိုမျိုး ဖြစ်ရင်ကောင်းမယ်ပဲ ရုတ်တရပ်ကြီး တွေးနေမိပြီ”
မော့ဟန်က ပြောသည်။
“နင်ဒီလိုလျှောက်တွေးမနေနဲ့။ သူကသူပဲ။ ပြီးတော့ နင်ကလည်း နင်ပဲ”
ရှောင်ယို့က ပက်လက်လှန်လိုက်ကာ မျက်နှာကျက်ကို ငေးရင်းဖြင့်
“ဒါပင်မယ့် နင့်ညီမနဲ့ ငါနဲ့ နှစ်ယောက်တည်းက တစ်ယောက်ကို ရွေးရမယ်ဆိုရင် သူကနင့်အတွက် ပိုအရေးပါလိမ့်မယ်လို့ ဘာဖြစ်လို့ ငါထင်နေရတာလဲ?”
မော့ဟန်ကပြောသည်။
“ရှန်ယို့ မဖြစ်နိုင်တာတွေ တွေးမနေနဲ့။ အဲ့ဒါက အဓိပ္ပာယ်မရှိဘူး”
ရှန်ယို့က ပြုံးလိုက်သည်။ သူမအရင်ကထက် ပိုသတ္တိရှိလာသလို ထင်ရသည်မှာ မှောင်နေ၍ဖြစ်နိုင်သည်။ အရင်အချိန်ကတည်းက သူမမေးချင်သည့်မေးခွန်းတစ်ခုကို သူမမေးချလိုက်သည်။
“မော့ဟန် နင်ငါ့ကိုတကယ်ရောချစ်လား?”