May Honey Logo May Honey
Previous Next

၆၄။ တစ်ယောက်ကိုတစ်ယောက် သိခဲ့ကြသလိုပဲ

ရှုချင်းရီက ဒီနေ့အတန်းထဲတွင် စိတ်မပါပေ။ တိတိကျကျပြောရင် အရင်တုန်းကထက်စရာရင် သိသိသာသာကို တနေ့လုံးစိတ်မပါခြင်းဖြစ်သည်။ အတန်းဖော်တွေ သူမကို စကားပြောနေသည်ကိုလည်း မကြားတော့ဘဲ စာအုပ်ပေါ်တွင်သာ လျှောက်ခြစ်နေသည်။

သူမတွင် သူငယ်ချင်းအများကြီး မရှိပေ။ ရှိသည်ဟူ၍ အတန်းထဲမှာ သူမဘေးတွင် ထိုင်သည့်သူလောက်သာ ဖြစ်သည်။ ဘာကြောင့်မှန်းမသိ သူမက သူတို့နှင့် စကားပြောဆိုနေရခြင်းကို သဘောမကျပေ။ ဒါကလည်း သူမမှာ သူတို့နှင့် ပြောစရာ ခေါင်းစဉ်သိပ်မရှိသောကြောင့် ဖြစ်သည်။

သူတိုက ဘယ်အနုပညာရှင်တွေက ပိုချောကြောင်းများကိုပဲ စိတ်လှုပ်ရှားစွာ ပြောနေကြသည်။ ဒါပင်မယ့်လည်း သူမမှာတော့ သူတို့ပြောနေသည့်သူများကိုပင် မသိပေ။ သူတို့က နာမည်ကြီးတံဆိပ်ရှိသည့် အဝတ်အစားများ အကြောင်းကိုလည်း ပြောချင်ပြောကြမည်။ သူမအတွက်ကတော့ အဝတ်အစားမှာ အနုပညာရှင်ထက်ပင် ပိုဆိုးအောင် မသိပေ။ ပြီးတော့လည်း သူမက အဝတ်ကို ဝတ်ရလျှင်ပဲ အဆင်ပြေနေပြီ။ သူတို့က သူမပြောသည်များကိုလည်း အထင်သေးကာ နှိမ်လျှက် ပြောလေ့ရှိသည်။

ထို့ကြောင့် ရှုချင်းရီက သူတို့နှင့် တက်နိုင်သမျှ စကားနည်းနည်းပဲ ပြောသည်။ သူတို့က သူမကို ကြည့်မရနေခြင်းကို သူမသိနေ၍ဖြစ်သည်။

သူမက သူတို့လက်တွေတွဲကာ လမ်းပေါ်ပျော်ရွှင်စွာ ခုန်ပေါက်တော့မတက် လျှောက်သွားနေသည်ကို ကြည့်နေရခြင်းက သူမအတွက် စိမ်းသက်နေသည်။ သူမအရင်တုန်းက ဒီလိုဘဝမျိုးမဟုတ်လောက်ဘူးဟု သူမတွေးမိသည်။ မဟုတ်လျှင် ဒါတွေက သူမအတွက် ဘာဖြစ်လို့ စိမ်းသက်နေရမှာလဲ။

ဒါပင်မယ့်လည်း ရယ်ရသည်မှာ သူမအရင်တုန်းက ဘယ်လိုဆိုမှန်းတောင် သူမမှမသိတာ။

သူမအတွေးတွေက ဒီကိုရောက်သွားတိုင်း သူမကူကယ်ရာမဲ့သလို ခံစားရသည်။

အတန်းပြီးသည့်အခါ ရှုချင်းရီက သူ့အတန်းဖော်တွေ ဝိုင်းဖွဲ့ကာ အတင်းပြောနေသည်ကို ကြည့်ကာ သက်ပြင်းချပြီးနောက် ထွက်လာခဲ့သည်။ နေ့လည်ပိုင်း အတန်းမရှိသောကြောင့် သူမဘယ်သွားကာ ဘာလုပ်သင့်သလဲဟု တွေးနေမိသည်။

အရင်လိုသာဆိုရင် သူမအိမ်ပြန်ကာ TVကြည့်ရင်း မုန့်ထိုင်စားနေမှာ ဖြစ်သည်။ ဒါပင်မယ့်လည်း မနေကအခြေအနေကြောင့် သူမအိမ်ကိုစောစောမပြန်ချင်ပေ။

သူမတွေးနေတုန်းမှာပဲ သူမအိတ်ထဲကဖုန်းမြည်လာသည်။ သူမကောက်ကိုင်လိုက်တော့ ကျန်းယန်ဖြစ်နေသည်။

“ဟယ်လို?”
ရှုချင်းရီက ဖြေလိုက်သည်။

“စိတ်ကောင်းဝင်နေပြီလား?”
ကျန်းယန်က သူမကိုစလိုက်သည်။

သူပြောလိုက်မှ ရှုချင်းရီက မနေ့ကဖြစ်ခဲ့သည်ကို ပြန်တွေးမိကာ စိတ်ညစ်သွားပြန်သည်။
“ကောင်းတယ်ထင်တာပါပဲ။ ဘာဖြစ်လို့လဲ?”

“ဘာဖြစ်နေတာလဲ? ငါ့ကိုအကျိုးအကြောင်းပြောမပြချင်ဘူးလား?”
ကျန်းယန်က မေးသည်။

“ဟင့်အင်း”
ရှုချင်းရီက ချက်ချင်းပင် ဖြေသည်။

ကျန်းယန်က စိတ်မပျော်မရွှင်ဖြစ်သွားသည်။
“ဒီမှာ မင်း . . .ဘာဖြစ်လို့ ဒီလောက်ရိုင်းနေရတာလဲ?”
သူကထပ်ပြောလိုက်သည်။
“ဟုတ်ပြီ ထားလိုက်ပါတော့။ အတန်းရှိသေးလား?”

“မရှိဘူး”

“ကောင်းသားပဲ။ ငါမင်းကို ထမင်းတစ်နပ် ဝယ်ကျွေးမယ်။ မနေ့က ကိစ္စအတွက် ကျေးဇူးတင်ကြောင်း မပြောရသေးဘူးမလား? တခြားကိစ္စတွေလည်း ဆွေးနွေးစရာရှိတယ်”

ကျန်းယန်က အမှုကြောင့် သူမကို ထပ်ရှာနေသည်ဖြစ်ကြောင်း လွယ်လွယ်ကူကူပင် ခန့်မှန်းမိသည်။ သူမက သူ့ကိုငြင်းမလို့ လုပ်လိုက်ပင်မယ့်လည်း သူနှင့်ထမင်းသွားစားလျှင် အိမ်ကို နောက်ကျမှ ပြန်ရသည့်အကြောင်းကို တွေးမိသွားသည်။

ထို့ကြောင့် သူမစကားလုံးတွေကို ပြန်သိမ်းကာ
“အင်း”

သူအများကြီးတွေးမထားသော်လည်း ထိုကောင်မလေးက လွယ်လွယ်ကူကူ လက်ခံလိုက်သောကြောင့် သူအံ့သြသွားသည်။ သူမကို လိပ်စာပြောလိုက်ပြီးနောက် သူအမြန်လာခဲ့မည်ဟုလည်း ပြောလိုက်သည်။

တစ်နာရီကြာပြီးသည့်နောက် သူတို့တွေ့ကြလေသည်။

“ငါမင်းကို ပြစရာရှိတယ်”
ကျန်းယန်က သူမကို မြင်သည်နှင့် ဓာတ်ပုံထုတ်လိုက်သည်။

“ဘာလဲ?”
ရှုချင်းရီက ပုံကိုယူကာကြည့်လိုက်သည်။

“လူသတ်သမားရဲ့ပုံ။ စစ်မေးနေတဲ့အချိန်တုန်းက အပြင်ကနေ ရိုက်ထားတာ”
ကျန်းယန်က သူမကို ကြည့်ကာ ပြောသည်။
“သူက လူကောင်းလိုပဲ။ တကယ်လို့ သူကသာ အမှားတွေထုတ်မပြောမိရင် ငါကလူမှားဖမ်းမိမှာတောင် ကြောက်နေတာ”

ရှုချင်းရီက ပုံကိုကြည့်ကာ ပြန်ပေးစဉ်တွင်
“မမှားပါဘူး။ အဲ့ဒီလူပဲ”

ကျန်းယန်က သံသယဖြစ်သွားကာ
“ဘာဖြစ်လို့သေချာနေရတာလဲ? လူချင်းတွေ့ဖူးတာလဲ မဟုတ်ဘဲနဲ့”

ရှုချင်းရီက အချေအပြုံးပြုံးလိုက်ကာ
“လူတွေက ဘယ်လောက်ပဲ ဟန်ဆောင်နေပါစေ မျက်လုံးတွေကတော့ သူတို့လျှို့ဝှက်ချက်တွေကို ပြောတာပါပဲ”

ကျန်းယန်က ပုံကိုသေချာအနီးကပ် ကြည့်လိုက်သည်။ ထိုပုံမှာ စစ်မေးသည့်အခန်းထဲက လူတစ်ယောက်ပုံသာဖြစ်သည်။ သူဘာထူးခြားချက်ကိုမျှ မမြင်ပေ။
“ဒါပင်မယ့် ငါကတော့ ပုံမှန်မဟုတ်တာ တစ်ခုမှ မမြင်ဘူး”

ရှုချင်းရီက ထပ်ချေကာ ပြုံးမိပြန်သည်။
“ဒီလိုလူမျိုးတွေနဲ့ တွေ့တာများလာရင် သူတို့မျက်လုံးတွေကို ဘယ်လိုဖတ်ရမလဲဆိုတာ နားလည်လာလိမ့်မယ်”

“မင်းကရော အရင်က ဒီလိုလူမျိုးတွေနဲ့ ဘယ်နှစ်ခါလောက် တွေ့ဖူးလို့လဲ”

ကျန်းယန်က နောက်တစ်ခါ ဇဝေဇဝါဖြစ်သွားသည်။ ရှုချင်းရီသည် သူတို့စတွေ့တည်းက အခုအချိန်အထိ လျှို့ဝှက်ကာ ဆန်းကျယ်နေသည်။

‘ဒီလိုလူမျိုးတွေ အောနေအောင်ကို တွေ့ဖူးတာပေါ့’
ထိုစကားများမှာ ရှုချင်းရီစိတ်ထဲတွင် အလိုလိုပေါ်လာကာ ပါးစပ်ဖျားသို့ ရောက်လာသည်။ သို့သော်လည်း သူမကိုယ်သူမ မပြောမိအောင် သတိထားနိုင်လိုက်သည်။

‘ဘာဖြစ်လို့ ငါဒီလိုပြောရတာလဲ?’

အရင်တုန်းက သူမဒီလိုပြောခဲ့ဖူးလောက်မည်။ ထိုစကားကို ပြောခဲ့တုန်းက သူမမျက်နှာက ငေါ့နေသလိုအမှုအယာကိုတောင် သူမပြန်မြင်ယောင်နေမိသည်။

Previous Chapter 64 of 75 Next