May Honey Logo May Honey
Previous Next

၇၂။ ဘာဖြစ်လို့ရန်ဖြစ်ရတာလဲ?

“ဘာဖြစ်လို့ သူရန်ဖြစ်ရတာလဲ?”
မော့ဟန်၏ သူမအပေါ်အမြင်မှာ သူ့မ၏စရိုက်က တစ်ခါတစ်လေ သည်းမခံနိုင်ဖွယ်ဖြစ်သော်လည်း သူမအခြားသူနှင့် ရန်ဖြစ်ရသည့်လောက်အထိတော့ သူမမှာမဆိုးဝါးသေးပေ။ ဒီလိုဖြစ်ရသည်မှာ ရှုချင်းရီဆက်ခနဲဖြစ်သွားခြင်းကြောင့်သာ ဖြစ်မည်။

“ကျွန်မလည်း မသိဘူး။ သူနဲ့ရန်ဖြစ်တဲ့တစ်ယောက်က ငိုနေပြီးတော့ အကြောင်းအရင်းကို မေးလည်းမရဘူး။ အတန်းဖော်တွေကတော့ သူတို့နှစ်ယောက်ကြားက မနာလိုမှုတွေကြောင့်ဖြစ်တာလို့ ပြောနေကြတာပါပဲ။ ရှင့်ညီမက ဒီနေ့အရမ်းစိတ်လိုက်မာန်ပါ လုပ်တာပဲ”

“ဘယ်လိုမနာလိုမှုမျိုးလဲ? ဘယ်အချိန်တည်းက ဖြစ်နေကြတာလဲ?”
မော့ဟန်က နည်းနည်းစိတ်တိုလာပြီ ဖြစ်သည်။ အဲဒီကောင်မလေးပြောရုံဖြင့် ဘာဖြစ်ခဲ့သလဲကို သေချာမစုံစမ်းကြဘဲ ထင်ရာကိုဆွဲတွေးခြင်းက မတရားပေ။

မော့ဟန်၏လေသံကြောင့် ဆရာမမှာ လန့်သွားသည်။ ရှေ့နေကြီးက အေးစက်ကာ ကြောက်ဖို့ကောင်းသည့်သူဟု သူမကြားခဲ့ဖူးတာဖြစ်သည်။ အခုလို ဖုန်းကတစ်ဆင့် လေသံကကြားရုံဖြင့် သူမမှာ ကြောက်လာလေပြီ။
“စိတ်မဆိုးပါနဲ့ ရှေ့နေကြီး။ ကျွန်မတို့ ရှင့်ညီမလေးကို အခုရှာနေပါတယ်။ သူ့ကိုရှာတွေ့တာနဲ့ သူ့ဆီက ဘာဖြစ်သလဲဆိုတာကို ကြားရရင် ကျွန်မတို့ သင့်တော်တဲ့ ဖြေရှင်းချက်ပေးမှာပါ”

“သူသွားတာ ဘယ်လောက်ကြာပြီလဲ?”

“ဒီတနေ့ခင်းလုံးထင်တယ်”

“တနေ့ခင်းလုံး! ကျောင်းက အခုမှ ကျွန်တော့်ကို အကြောင်းကြားတာလား? သူဒီနေ့နေမကောင်းဘူး။ အပြင်မှာတစ်ခုခုဖြစ်သွားကာမှ ရဲစခန်းကနေ ကျွန်တော့်ကို ခေါ်ပါတော့လား?”
မော့ဟန်က သူ့လေသံကို မမြှင့်ဘဲမနေနိုင်တော့ပေ။ တစ်ဖက်က ဆရာမကတော့ သူ့အသံကြောင့် ကြောက်လန့်ကာ အော်ငိုတော့မတက် ဖြစ်နေပြီ။

“တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ ကျွန်မတို့ မြန်နိုင်သမျှ မြန်မြန်ရှာပါ့မယ်”
ဆရာမမှာ တရစပ်တောင်းပန်နေသည်။

မော့ဟန်က အသက်ဝဝရှုလိုက်ကာ သူ့စိတ်ကိုပြန်ထိန်းလိုက်ပြီး
“ကျွန်တော်ပဲရှာပြီး ဘာဖြစ်တာလဲ မေးလိုက်မယ်။ သူ့အမှားဆိုရင် သူ့ကိုတောင်းပန်ခိုင်းမယ်။ တခြားသူအမှားဆိုရင်တော့ ခင်ဗျားတို့ အဲ့ဒီတစ်ယောက်ကို တောင်းပန်ခိုင်းဖို့ မျှော်လင့်ပါတယ်”

“ဟုတ်ကဲ့. . .ကျွန်မတို့ သေချာပေါက် အဲ့လိုလုပ်မှာပါ”

မော့ဟန်က ဖုန်းချပြီးသည်နှင့် သူ့အစည်းအဝေးကို အချိန်ပြန်ပြောင်းလိုက်သည်။ ထို့နောက် စားပွဲပေါ်က ကားသော့ကိုယူကာ ရုံးခန်းထဲကနေ ရှုချင်းရီကို ရှာဖို့ထွက်လာခဲ့သည်။

သူလမ်းပေါ်ရောက်နေသည့်အချိန်တွင် ရှန်ယို့က သူဘာလုပ်နေလဲမေးရန် ဖုန်းခေါ်သည်။ သူအကျိုးအကြောင်းပြောပြသောအခါ ရှန်ယို့ကလည်း ရှုချင်းရီကို ကူရှာပေးမည်ဟု ပြောသည်။ မော့ဟန်က သဘောတူလိုက်သည်။ ဒီကောင်မလေးကို ရှာပေးဖို့ လူတစ်ယောက်တိုးလာတာက မကောင်းတာ မရှိပေ။

ရှန်ယို့က ကားပေါ်ရောက်လာသောအခါ ရှုချင်းရီက အိမ်ကိုတန်းပြန်သွားနိုင်သည်ဟု ပြောကာ အိမ်တွင်ပြန်ရှာဖို့ပြောသည်။ မော့ဟန်က ခနတွေးကြည့်ပြီးနောက် မဖြစ်နိုင်ဘူးဟု ပြောသည်။ သူမက အကြောင်းအရင်းမေးမလို့ပဲရှိသေးသည်။ မော့ဟန်က အခုရက်ပိုင်းတွင် သူမအိမ်ပေါ်ရောက်နေသောကြောင့် ရှုချင်းရီက အိမ်ကိုပြန်လာချင်စိတ်ရှိမှာ မဟုတ်ဘူးဟု ပြောသည်။

မော့ဟန်၏စကားကို ကြားသောအခါ ရှန်ယို့မှာ အမှုအယာပြောင်းသွားလေသည်။ သူမငြိမ်ကျသွားကာ မော့ဟန်နှင့်အတူ ကားပေါ်ကနေ ရှုချင်းရီကိုသာ ဆက်ရှာနေသည်။

တစ်မြို့လုံးကို ကားပတ်မောင်းကာ ရှာပြီးသော်လည်း ရှုချင်းရီကိုမူ မတွေ့သေးပေ။ သူမက လေထဲတွင် အစအနမကျန်အောင် ပျောက်ကွယ်သွားသလိုပင်။ တစ်စက္ကန့်ကုန်သွားလေလေ မော့ဟန်က ဒေါသပိုထွက်လာလေလေ ဖြစ်နေသောကြောင့် ကားထဲတွင် စကားတစ်ခွန်းမှ မပြောတော့ပါ။ သူ့ကိုယ်သူ တည်ငြိမ်အောင် အသက်ပြင်းပြင်းရှုနေသည့် မော့ဟန်၏ အသက်ရှုသံကို ရှန်ယို့က ကြားနေရသည်။

သူတို့အိမ်ပြန်ရောက်သောအခါ ည၉နာရီရှိနေပြီ။ မော့ဟန်က သူတို့သာဒီညတွင် ရှုချင်းရီကို ရှာမတွေ့ပါက ရဲစခန်းတွင် လူပျောက်တိုင်ရန်ပင် ပြင်ဆင်နေလေပြီ။ သို့သော်လည်း သူတို့အိမ်ထဲဝင်လာသောအခါ ရှုချင်းရီ၏အခန်းထဲမှ လှုပ်ရှားသံကို ကြားရသည်။ မော့ဟန်က ထိုအခန်းသို့ အပြေးအလွှားသွားပြီး တံခါးဖွင့်ကြည့်သည့်အခါ ရှုချင်းရီမှာ ကြမ်းပြင်ပေါ်တွင် စောင်လေးခြုံရင်း ထိုင်နေသည်။ ထိုအချိန်တွင် သူမက စားပွဲပေါ်ကဆေးကို တုန်ချိနေသောလက်လေးဖြင့် လှမ်းယူနေသည်။

ရှုချင်းရီက စားပွဲပေါ်က ဆေးကိုဆက်မရှာခင် မော့ဟန်ကိုတော့ အသံကြား၍ လှည့်ကြည့်လိုက်သေးသည်။

“ဘယ်တွေသွားနေတာလဲ?”
မော့ဟန်က အေးစက်စွာ မေးသည်။

“ဘယ်ကိုသွားရမှာလဲ? ခေါင်းမူးလာလို့ အိမ်မှာပြန်အိပ်နေတာလေ”

“ဆရာမက ငါ့ကိုတိုင်တယ်”
မော့ဟန်က ပြောသည်။

“ဘာကိုလဲ?”

“ရန်ဖြစ်တဲ့အကြောင်း”

“ဪ”
ရှုချင်းရီက စားပွဲပေါ်ကဆေးကို ဆက်၍စမ်းရှာနေဆဲဖြစ်သည်။ သူမက ဒါကိုပြဿနာတစ်ခုလို့တောင် ထင်ပုံမပေါ်ပေ။

Previous Chapter 72 of 75 Next