၆၉။ ရွံစရာစကားများ
ရှန်ယို့က ပြောသည်။
“ငါဒီနေ့ အပြင်သွားမလို့။ မနေ့က သူငယ်ချင်းတွေနဲ့ တွေ့ဖို့ချိန်းထားတယ်။ ငါပြန်လာတော့ သူတို့ကလည်း တွေ့ကြမယ်တဲ့”
မော့ဟန်က ပြောသည်။
“ကောင်းတာပေါ့။ နင်ပြန်မလာတာ အတော်ကြာပြီပဲ”
“ငါ့ကိုလိုက်ပို့မှာလား?”
မော့ဟန်က သူ့မျက်ခုံးများကိုကျုံလိုက်ကာ
“ငါ့law firmက . . .”
ရှန်ယို့က သူ့ကိုကြည့်ကာ
“မသိဘူး . . .ငါမသိဘူး! နင်ငါ့ကို လိုက်ပို့ရမယ်။ ငါနင့်ကို သူတို့အတူထိုင်ပြီး စကားပြောပေးဖို့တောင် တောင်းဆိုနေတာမှ မဟုတ်တာ။ ငါ့ကိုလိုက်ပို့ပေးရုံတင်လေ”
မော့ဟန်က ခနတွေဝေသွားပြီးမှ
“အင်း။ ငါနင့်ကို လိုက်ပို့ပေးမယ်”
ရှန်ယို့က ပြုံးလိုက်ကာ မော့ဟန်၏လည်ပင်းကို ဖက်လိုက်ပြီး နှုတ်ခမ်းကို နမ်းရန်လုပ်သည်။ မော့ဟန်က ရှောင်လိုက်မလို့ လုပ်စဉ်မှာပဲ ရှုချင်းရီက အခန်းထဲကနေ ထွက်လာသည်။ သူမက ထိုနှစ်ယောက်၏ အပြုအမူကို မျက်တောင်တစ်ခတ်စာ အချိန်တွင် တွေ့လိုက်ရသောကြောင့် သူမချက်ချင်းခေါင်းငုံလိုက်သည်။ မနေ့က ဧည့်ခန်းထဲတွင် ထားခဲ့သည့် သူမအိတ်ကိုယူကာ စာအုပ်များထည့်ပြီးသည့်နောက်တွင် တံခါးကို အကျယ်ကြီးပိတ်ခဲ့ကာ ထွက်သွားတော့သည်။
မော့ဟန်၏ ဘယ်ကမှန်းမသိထွက်လာသည့် သူ့ညီမလေးဆီမှ အမြဲတမ်း သူမကိုရန်လိုနေသလို ခံစားမှုမျိုးကို ရှန်ယို့က ခံစားမိနေသည်။ မော့ဟန်နှင့် ရှုချင်းရီတို့ကို အတူတူတွဲမြင်ရတိုင်း မော့ဟန်ကို သူမနောက်သို့ အမြန်ဆွဲကာ ဖွက်ထားမှ ဖြစ်မည်ဆိုသည့် ဆန္ဒမျိုးက တားမရအောင် ဖြစ်လာတက်သေးသည်။
‘ဒါက အရမ်းကလေးဆန်တဲ့ အတွေးတစ်ခုဖြစ်မှန်း ငါသိနေပင်မယ့်လည်း . . . မော့ဟန်ကို ရှုချင်းရီက အပိုင်သိမ်းသွားလိမ့်မယ် ဆိုတဲ့ ခံစားချက်ပြင်းပြင်းထန်ထန်ကြီးကို ငါရနေတယ်’
ဘာကြောင့်လဲဆိုတော့ မော့ဟန်က သူ့ကိုယ်သူ တခြားသူများနှင့် အဝေးမှာသာ နေလေ့ရှိသူဖြစ်ကြောင်းကို သူမသေချာသိလေသည်။ သူမက သူ့ချစ်သူဖြစ်နေသော်လည်း သူမကိုလည်း ဒီလိုပင်ဖြစ်သည်
ရှုချင်းရီက ကျောင်းကိုရောက်သောအခါ အတန်းထဲကို အရင်လာသည်။ ထို့နောက်တွင်မှ ကျောင်းဆေးခန်းက ဆေးကိုသွားဝယ်ပြီးနောက် သူမလက်ထဲတွင် သယ်လာသည်။ သူမက ခေါင်းမူးရိပ်မူးရိပ်ဖြင့် ကျောင်းဆေးခန်းမှ ဆရာစာသင်နေဆဲဖြစ်သည့် စာသင်ခန်းသို့ သူမပြန်ရောက်လာသည်။ သူမသည် အနောက်တံခါးကို ဂရုတစိုက်ဖွင့်ကာ အရှေ့တန်းက သူမ၏သူငယ်ချင်းတွေအနားကို ပြန်သွားထိုင်မည့်အစား နီးစပ်ရာ နောက်ဆုံးတန်းတွင် ဝင်ထိုင်လိုက်သည်။ သူမအဖျားအရှိန်ကြောင့် သင်ရိုးစာအုပ်ကိုတောင် ထုတ်ဖို့ပျင်းသွားပြီး စားပွဲပေါ်တွင် တရေးမှောက်အိပ်လိုက်တောသည်။
ရှုချင်းရီမှာ ဘဲလ်တီးကာမှ တရေးနိုးလာတော့သည်။ သူမခေါင်းထောင်ကြည့်လိုက်သောအခါ အခန်းထဲကသူများမှာ တစ်ယောက်ပြီးတစ်ယောက် အပြင်သို့ ထွက်နေကြပြီ ဖြစ်သည်။ သူမတရေးအိပ်လိုက်ရသောကြောင့် စိတ်ကြည်နေပြီဖြစ်သော်လည်း သူမလည်ချောင်းကတော့ ဆိုးဆိုးဝါးဝါးနာနေဆဲပင်။ သူမသူငယ်ချင်းတွေက ပစ္စည်းသိမ်းကာ ထွက်သွားဖို့ပြင်နေသည်ကို မြင်နေသောအခါ သူမလည်း ထိုသူများနှင့်အတူသွားရန် အမြန်ထလိုက်သည်။
ရှုချင်းရီက သူမတို့နှင့် ခပ်လှမ်းလှမ်းသို့ ရောက်လာသည်။ သူမက ခြေလှမ်းတွေကို အရှိန်မြှင့်ကာ ထိုအထဲက တစ်ယောက်၏နာမည်ကို ခေါ်ရန်ပြင်လိုက်စဉ်တွင်ပဲ အလည်က တစ်ယောက်ဆီမှ စကားသံထွက်လာသည်။
“နေလို့ကောင်းလိုက်တာ။ အခုမှပဲ နေရထိုင်ရတာ အဆင်ပြေတော့တယ်။ နောက်ဆုံးတော့ ရှုချင်းရီမရှိတော့ဘူး!”
“လည်ချောင်းနာနေပုံအရဆိုရင် သူဖျားနေတာ ဖြစ်မယ်။ ခုနတုန်းက ငါတို့ကို ဆေးသွားဝယ်မယ်လို့ ပြောသွားတာမလား?”
“ဘယ်သူက ဂရုစိုက်နေလို့လဲ? ငါကတော့ သူငါ့အနားမှာ တစ်မိနစ်လောက် မရှိတာနဲ့ အဆင်ပြေသွားလိုပဲ”
ဘေးကတစ်ယောက်က ထောက်ခံသည်။
“ဟုတ်တယ်။ သူ့စရိုက်ကလည်း ထူးဆန်းသေးတယ်။ သူ့ရုပ်ကလေးလှရုံနဲ့ ငါတို့ကို စကားပြောတိုင်း မတူသလိုမတန်သလိုနဲ့! ဘာတွေ မာနလာကြီးနေတာလဲမသိ? နေ့တိုင်း ငါတို့ကို ပီကေလို လိုက်ကပ်နေရတဲ့ဟာမကများ!”
ရှုချင်းရီက သူတို့ပြောသည်များကို ကြားသောအခါ အတော်ရွံရှာသွားသည်။ သူမနောက်တွင် အတင်းပြောနေကြကာ ရှေ့တွင်တော့ ကောင်းပြနေကြသည့် သူငယ်ချင်းဆိုသည့်သူများကို ဆိတ်ဆိတ်နေကာသာ စိုက်ကြည့်နေမိသည်။
“ပြီးတော့လည်း ဟိုးတလောတုန်းက အလောင်းကိုတွေ့တာ သူမလား? တခြားသူသာဆိုရင် ကြောက်လန့်ပြီးငိုနေမှာကို သူကမျက်နှာတစ်ချက်မပျက်ဘဲ လုပ်သင့်တာအကုန် လုပ်သွားတာတဲ့။ မထူးဆန်းဘူးလား! ရဲကလည်း သူ့ကိုနေ့တိုင်းနီးပါး အတန်းအပြင်ခေါ်ထုတ်ပြီး သူတို့ဘာတွေ ပြောနေကြလဲ မသိဘူး”