May Honey Logo May Honey
Previous Next

၆၁။ သံသယ

“အဲ့ထက်တောင်ပိုနေမှာပါ”
ရှုချင်းရီက စိတ်ဓာတ်ကျနေသည့် လေသံဖြင့် ပြောသည်။

“ကိုကြီးမျက်လုံးထဲမှာ ညီမလေးက ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ။ မှတ်ညဏ်ပြန်ရတာနဲ့ ကန်ထုတ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။ အဲ့ဒီလိုလုပ်ချင်လွန်းလို့ မှတ်ညဏ်ပြန်ရဖို့ကိုတောင်မှ မစောင့်နိုင်တော့ဘူးမလား”

ဘယ်ချိန်ကတည်းကမှန်းမသိ ငြိမ်းသွားသည့် စီးကရက်ကို သူ့လက်ထဲတွင် ကိုင်ထားရင်းဖြင့် မော့ဟန်က ခိုင်မာသည့် လေသံဖြင့်
“မိဘတွေကိုရော ရှန်ယို့ကိုပါ ပြောမထားမိတာ ငါ့အမှားပါ။ ဒါပင်မယ့် ကိစ္စတွေက အရမ်းရှုပ်နေတော့ မင်းကိုအချိန်ရရင် ရှင်းပြပါ့မယ်”

“ရပါတယ်။ ဘာမှရှင်းပြနေစရာမလိုတော့ပါဘူး”
ရှုချင်းရီက သူမမျှော်လင့်ချက်တွေ ပျက်သုန်းကာ လုံးဝပျောက်ဆုံးနေသလို ခံစားရသည်။ အရင်တုန်းက မော့ဟန်က သွေးအေးကာ အရမ်းစဉ်းစားလွန်းသည့်သူဟု သူမကြားခဲ့တုန်းက ဘယ်လိုမှ မနေခဲ့ပင်မယ့် အခုလို သူမ၏တည်ရှိမှုကို ဘယ်သူ့ကိုမှ ပြောမပြထားသည်နှင့် ကြုံလာရသောအခါ သူမဒီမှာအခုရှိနေခဲ့သည်ကို အစမကျန် ဖျောက်ပစ်လိုက်လေမလားဟုတောင် ခံစားလာရသည်။

“ကိုကြီးကောင်မလေး ရောက်လာပြီဆိုတော့ ကိုကြီးအခန်းထဲကို ဝင်ဖို့မသင့်တော်တော့ဘူး။ နောက်လည်းလာမအိပ်တော့ပါဘူး။ ဒီလောက်နှောက်ယှက်ရရင်တော်ပြီပေါ့”

သူမ၏ခပ်ဝေးဝေးနေတော့မည့် လေသံကိုကြားရသောအခါ မော့ဟန်က ပိုစိတ်မချမ်းမြေ့လာသည်။
“ဧည့်သည်အခန်းထဲမှာ ကောင်းကောင်းအိပ်မပျော်ဘူးမလား”

“ရပါတယ်။ အသားကျသွားမှာပါ”
ရှုချင်းရီက ထပ်ပြောသည်။
“ပြောစရာမရှိတော့ဘူးဆိုရင် သွားအိပ်တော့မယ်”

တကယ်တော့ ရှုချင်းရီက မော့ဟန်၏အဖြေကိုပင် မစောင့်ပေ။ သူမက စကားပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။

မော့ဟန်က သူမစိတ်ဆိုးနေသည့်အချိန်တွင် စကားသွားပြောလို့ ဘာမှအကျိုးရှိမည်မဟုတ်မှန်း မော့ဟန်က သိသောကြောင့် ထပ်မပြောတော့ပေ။ နောက်ကျရင်တော့ သူမကို ရှင်းပြရန်အချိန်ကို သေချာပေါက် သူရှာရတော့မည်။

သူမထွက်သွားသော်လည်း မော့ဟန်က စိတ်တည်ငြိမ်သွားခြင်း မရှိပေ။ သူ့လက်ထဲက ငြိမ်းနေသည့် စီးကရက်ကို လွှတ်ပစ်ကာ အသစ်တစ်ခုထုတ်ယူလိုက်သည်။

ရှုချင်းရီက ဧည့်ခန်းထဲရောက်သည့်အခါ မီးမှိတ်လိုက်သည်။ သူမအိပ်ချင်စိတ်လည်းမရှိသောကြောင့် ကြမ်းပြင်ပေါ်တွင်ထိုင်ကာ ဖြစ်ခဲ့သမျှကို တွေးနေသည်။ သူမထိုင်နေလို့ သိပ်မကြာလိုက်ခင်မှာပဲ သူမအိတ်ကပ်ထဲက ဖုန်းကမြည်လာသည်။

“ဟယ်လို?”
ရှုချင်းရီက စိတ်မချမ်းသာသည့်အသံဖြင့် ဖုန်းဖြေလိုက်သည်။

“ငါပါ။ကျန်းယန်။ ရဲလေ”
သူ့၏ပျော်ရွှင်နေသည့်လေသံမှာ ဖုန်းလိုင်းကတစ်ဆင့် ထွက်လာသည်။

“သိပါတယ်”

“ငါပို့ထားတဲ့စာဖတ်ပြီးပြီလား?”

“ဘာစာလဲ?”

“သံသယရှိသူက ဝန်ခံတယ်လာပြီ။ ခုနတုန်းက ငါမင်းပြောတဲ့နည်းအတိုင်း စစ်မေးလိုက်တာ။ သူဒေါသထွက်လာပြီး ပြောလာလိမ့်မယ်လို့တောင် ငါမမျှော်လင့်ခဲ့မိဘူး။ သူ့ကိုမမိခင် ရထားတဲ့သက်သေတွေနဲ့ သဲလွန်စတွေအတိုင်း လိုက်ရတယ်”

“ဪ အဲ့ဒီစာလား။ မြင်လိုက်တယ်”

“စောစောကတည်းက ဖုန်းဆက်ပြီး ပြောပြချင်နေတာ။ ဒါပင်မယ့် သံသယရှိသူမိတာနဲ့ အလုပ်ရှုပ်နေတော့ အခုလိုအားမှပဲ ဆက်နိုင်တော့တယ်”
ကျန်းယန်က ပြောသည်။

“ရပါတယ်။ လုပ်စရာရှိတဲ့အလုပ်ကို လုပ်ရမှာပေါ့”
ရှုချင်းရီက ထူးမခြားနားပြောသည်။

ကျန်းယန်က သူမကို တကယ်ကျေးဇူးတင်ချင်နေတာ ဖြစ်သည်။ သူမ၏သုံးသပ်ချက်တွေသာ မဟုတ်ရင် သူတို့က ဒီအမှုကို မြန်မြန်ဆန်ဆန်ရှင်းနိုင်မည် မဟုတ်ပေ။

“ဒီကိစ္စကို ကျေးဇူးတင်ချင်လို့ ငါထမင်းတစ်နပ် မင်းကိုဝယ်ကျွေးပါ့မယ်”

“မလိုပါဘူး”
သူမက စဉ်းစားတောင်မနေဘဲ ငြင်းလိုက်သည်။

“မင်း. . .”
ကျန်းယန်က သူမကို ထပ်တိုက်တွန်းဖို့ လုပ်လိုက်ပင်မယ့်လည်း ထိုကောင်မလေးမှာ စကားစဖြတ်ကာ ပြောသွားသည်။

“ဒီနေ့စိတ်ကြည်နေတာမဟုတ်ဘူး။ စကားထပ်မပြောချင်တော့ဘူး။ နောက်နေ့မှ ပြောကြရအောင်”

“မင်း ဘာဖြစ်လို့ . . .”
ကျန်းယန်က စကားပြောလို့ မဆုံးခင်မှာပဲ ဟိုဘက်က ဖုန်းချသွားသည်။ ထိုအခါ ဆွံအစွာဖြင့် သူ့ဖုန်းကို ကြည့်နေမိတော့သည်။

Previous Chapter 61 of 75 Next