May Honey Logo May Honey
Previous Next

၄၄။ အပြုံးနောက်ကွယ်က သီးသန့်ဆန်မှု

ကျန်းယန်က ရှုချင်းရီ၏ စကားများကြောင့် ကြောင်အသွားည်။ ဒီကောင်မလေးက သာမန်မဟုတ်နိုင်ဘူးဟု သူခံစားရသည်။ သူမအတွေးအခေါ်တွေက တိကျနေပြီး အသေးစိတ်တစ်ခုမကျန် မှတ်မိနေသည်။ သူမက အခြားလူတွေ ကျော်သွားမိတဲ့ အချက်တွေကိုတောင် ထောက်ပြနိုင်သေးသည်။

ရှုချင်းရီက ဒီရဲဖြင့် စကားဆက်မပြောချင်တော့ပေ။ သူမနာရီကိုကြည့်လိုက်တော့ ၉နာရီခွဲနေလေပြီ။ အခုအချိန်လောက်ဆိုရင် မော့ဟန်က အလုပ်သိမ်းပြီး ပဲနီအဆာသွပ်မုန့်ကို ဝယ်ကာ အိမ်ကိုပြန်လာလောက်ပြီ။

“အမှုကိုတိုင်တဲ့သူဆိုတော့ ရဲစခန်းကိုလိုက်ပြီး မေးခွန်းနည်းနည်းဖြေပေးဖို့ လိုပါမယ်”
ကျန်းယန်က ပြောသည်။

ရှုချင်းရီက တစ်ခုခုပြောမလို့ ပြင်ရုံပဲ ရှိသေးသည်။ သူမဖုန်းက မြည်လာသည်။ သူမ၏အကိုက ခေါ်နေခြင်းဖြစ်သည်။

“ဘယ်မှာလဲ? ဘာဖြစ်လို့ အိမ်ပြန်မရောက်သေးတာလဲ?”
မော့ဟန်က အိမ်ပြန်ရောက်သောအခါ ရှုချင်းရီကို မတွေ့သောကြောင့် ချက်ချင်းဖုန်းခေါ်လိုက်ခြင်းဖြစ်သည်။ သူက ထိုမုန့်ဝယ်ဖို့ နာရီဝက်လောက် တန်းစီစောင့်လာပြီးမှ အိမ်ကိုပြန်လာခြင်းဖြစ်သည်။

“ဟို. . .ညီမလေး ကျောင်းမှာပဲရှိသေးတယ်။ ဒီမှာကိစ္စတစ်ခုပေါ်လာလို့”

“ဘာဖြစ်တာလဲ? အရေးကြီးကိစ္စလား?”

“ကျောင်းမှာ လူသတ်မှုဖြစ်တာ။ အဲ့ဒါရဲတွေက အမှုပေါ်လို့ ညီမလေးကို မေးခွန်းတွေ မေးနေကြလို့”

“လူသတ်မှု?”
မော့ဟန်က စိတ်ပူသွားသည်။

“အင်း ညီမလေးက အလောင်းကို အရင်တွေ့တာမလို့ ရဲတွေက အခုစစ်မေးနေတာ”

မော့ဟန်က မျက်မှောင့်ကျုံသွားသည်။
“ကျောင်းမှာခနစောင့်။ အဲ့ဒီကိုလာခဲ့မယ်”

ရှုချင်းရီက သဘောမတူခင်
“မုန့်ဝယ်ခဲ့လား?”

မော့ဟန်က ဒီလိုအချိန်မှာတောင် မုန့်အကြောင်းတွေးနေနိုင်သေးသည့် ထိုကောင်မလေးအတွက် လက်ဖျားခါကာ
“အင်း ဝယ်ခဲ့တယ်။ ခနနေလာရင် လာခဲ့မယ်”

ရှုချင်းရီ၏ နှုတ်ခမ်းဒေါင့်လေးမှာ အပေါ်သို့ ကွေးညွတ်သွားသည်။ ရဲက သူမကို စိုက်ကြည့်နေသေးသည်ကို မြင်သောအခါ ချက်ချင်းပြန်တည်သွားသည်။ သူမက မော့ဟန်ဖုန်းကိုချလိုက်ကာ ရဲမေးမည့်မေးခွန်းများကို ဖြေရန်စောင့်လိုက်သည်။

“အလောင်းကို ဘယ်အချိန်မှာ တွေ့တာလဲ? ထူးခြားတာတစ်ခုခု သတိထားမိသေးလား?”

ရှုချင်းရီက သူမကြားလိုက်သည့် သစ်ရွက်ခြောက်တွေအပေါ်နင်းသွားသည့် ခြေသံကို သတိရသွားသည်။ ဒါပင်မယ့်လည်း ထိုအရာက လူသတ်သမားဟုတ်မဟုတ် သူမလည်း မသိပါ။

‘လူသတ်သမားဆိုရင် ဘာဖြစ်လို့ အခင်းဖြစ်တဲ့နေရာမှာရှိနေတဲ့ ငါ့ကိုမသတ်သွားတာလဲ?
ဒါပင်မယ့်လည်း တခြားသူတစ်ယောက်ဆိုရင် ဒီလိုတိတ်ဆိတ်နေတဲ့ နေရာကို ရောက်လာတာက အရမ်းတိုက်ဆိုင်မနေဘူးလား?’

သူမက ထိုအကြောင်းအရာကိုတွေးပြီးသောအခါ ကျန်းယန်ကို ပြောပြသင့်သည်ဟု ယူဆလိုက်သည်။
“ကျွန်မ ဒီအလောင်းကို မတွေ့ခင် ခြေသံကြားလိုက်သလိုပဲ။ သစ်ရွက်ခြောက်တွေပေါ်ကို တက်နင်းသွားတဲ့အသံမျိုး”

ကျန်းယန်က မှတ်စုကို အေးဆေးချလိုက်သည်။ ဒီကောင်မလေးက သံသယဝင်စရာကောင်းပင်မယ့်လည်း သူမပေးသည့်အချက်များနှင့် ထောက်ပြသွားသည်များကို သူမငြင်းနိုင်ပေ။
“တခြားရော?”

“မရှိတော့ဘူး”

ကျန်းယန်က စာအုပ်ကို ပိတ်လိုက်သည်။
“ဒီနေ့နောက်ကျနေပြီဆိုတော့ ကျွန်တော်ဒီမှာပဲ ထားခဲ့လိုက်တော့မယ်။ မနက်ဖြန်ကျရင် ရဲစခန်းကိုလာခဲ့ပါ။ ကျွန်တော်တို့ မျက်မြင်သက်သေမှတ်စရာရှိလို့”

သူက သူမကို ဘောပင်ကမ်းပေးကာ
“ဆက်သွယ်ဖို့ ရေးပေးခဲ့ဦး”

ရှုချင်းရီက ဘောပင်ကို မယူပေ။ မသိစိတ်အရ သူမဒီရဲနှင့် မပတ်သတ်ချင်တော့ပါ။
“ကျွန်မ မနက်ဖြန် အတန်းရှိတယ်။ ရဲစခန်းကို လာနိုင်မယ်မထင်ဘူး”

“အတန်းတက်ဖို့က အမှုထက်အရေးကြီးနေလား? မင်းသေချာနားမလည်ဘူးလား? ဒါသာမန်လုယက်မှု မဟုတ်ဘူးနော်။ မုဒိန်းမှုကွ!”
ကျန်းယန်ကလည်း အခုမှရဲဖြစ်လာသည့် ရဲပေါက်စလေးဖြစ်ပြီး အမှုကြီးကို လိုက်ချင်စိတ်ပြည့်နှက်နေသူဖြစ်သည်။ အခုတော့ သူလူသတ်မှုတွင် လိုက်ရတော့မည်ဖြစ်သည်။ သို့သော် ဒီအမှုကို တိုင်ကြားသည့်သူမှာ သူမနှင့် မသက်ဆိုင်သလိုလုပ်နေသောကြောင့် သူစိတ်နည်းနည်းတိုလာခြင်းဖြစ်သည်။

“ဒါပင်မယ့် ကျွန်မသိသမျှ ရှင့်ကိုအခုအကုန်ပြောပြပြီးသားလေ။ မနက်ဖြန် စခန်းကိုလာပြောလည်း ဘာအသစ်မှ ထပ်တိုးပြီးပြောစရာမရှိတာ”
ရှုချင်းရီက ပြန်ခံပြောသည်။

သူတို့နှစ်ယောက်ကြားက အခြေအနေတင်းမာနေစဉ်တွင် မော့ဟန်က ရောက်လာသည်။ သူကဒီနှစ်ယောက်ကြားကို ဝင်ရပ်ကာ ပြုံးလိုက်ပြီး ညင်သာစွာဖြင့်
“တောင်းပန်ပါတယ်။ ညီမလေးက ငယ်သေးတော့ သူပြောတဲ့စကား အဓိပ္ပာယ်ကို သေချာမသိလို့ပါ။ အထင်မလွဲပါနဲ့”

ရှုချင်းရီက မော့ဟန်ကို စိတ်ညစ်စွာကြည့်ရင်း ငြိမ်ကျသွားသည်။

ကျန်းယန်က သူ့အရှေ့မှ လက်ရာမြောက်စွာချုပ်ထားသည့် အနောက်တိုင်းဝတ်စုံအပြည့်အစုံဖြင့် လူကိုကြည့်လိုက်သည်။ ထိုလူက ကြည့်ကောင်းသည့်ကိုယ်နှင့် ခန့်ညားသည့်ရုပ်ရည်ရှိလေသည်။ ထိုသူ၏ အပြုံးနောက်ကွယ်တွင် သီးသန့်ဆန်နေခြင်းက ကပ်ပါနေသည်။ တစ်ချက်ကြည့်ရုံဖြင့် အထက်တန်းအလွှာကလူမှန်း သိသာလှသည်။ ကျန်းယန်က သူ့အရှေ့က လူဆီမှ မမြင်ရသည့်ဖိအားကို သူ့၏ရဲဝတ်စုံကိုကျော်လွန်၍ ခံစားမိသည်။

Previous Chapter 44 of 75 Next