May Honey Logo May Honey
Previous Next

၆၃။ တသက်လုံး အတူတူနေကြမှာ

မော့ဟန်က သူမရှေ့က ခုံကကိုဆွဲကာ ထိုင်လိုက်သည်။ ရှုချင်းရီ၏လက်ထဲက စားနေဆဲဖြစ်သည့် sandwichကိုကြည့်ကာ
“ငါ့ဟာရော?”

“ဘာလဲ?”

“ငါ့မနက်စာ”

“ပြင်ပေးမထားဘူး”

“ဘာဖြစ်လို့လဲ?”

“စားချင်မှာ မဟုတ်ပါဘူး”

မော့ဟန်က သူမကိုကြည့်ကာ
“နောက်ဆိုရင် ငါ့အတွက်ပါ လုပ်ပေး”

“မလုပ်ချင်ပါဘူး”
ရှုချင်းရီက ပြောသည်။
“ကိုကြီးကို ညီမလေးက မနက်စာပြင်ပေးစရာ အကြောင်းမှ မရှိတာ”

မော့ဟန်က စားပွဲကိုခေါက်ကာ အေးစက်စွာ
“မလုပ်လို့ကတော့ မင်းစွပ်ပြုပ်လည်း မင်းစားရမှာ မဟုတ်တော့ဘူး”

ရှုချင်းရီက နောက်ဆုံးမှာတော့ သူ့ကိုကြည့်လာသည်။ သို့သော် ချက်ချင်းပင် အကြည့်လွဲသွားသည်။ သူမက ထရပ်လိုက်ပြီး ထိုင်ခုံနောက်က အိတ်ကိုထုတ်လွယ်ကာ
“ဗိုက်ဝပြီ။ ကျောင်းသွားနှင့်တော့မယ်”

မော့ဟန်က သူမကိုပြောလိုက်သည်။
“စောစောပြန်လာ။ ဆွေးနွေးစရာရှိတယ်”

ရှုချင်းရီက ဘာမှမကြားလိုက်လိုမျိုး နောက်ကိုပင် တစ်ချက်ပြန်လှည့်မကြည့်ဘဲ အိမ်ကနေ ထွက်သွားသည်။

ရှုချင်းရီထွက်သွားပြီး သိပ်မကြာခင်မှာဘဲ ရှန်ယို့က အိပ်ခန်းထဲကနေ အိပ်ရာတင်ဝတ်စုံဖြင့် ထွက်လာသည်။ သူမက သမ်းဝေရင်း
“ဒီနေ့ နင် law firmကိုသွားမှာလား?”

မော့ဟန်က ခေါင်းတစ်ချက်ငြိမ့်ပြကာ မီးဖိုချောင်ကို သွားသည်။ ထို့နောက် ရေခဲသေတ္တာကိုဖွင့်ကာ ဟိုနေ့က ရှုချင်းရီက စျေးကနေ သူ့အတွက် မနက်စာအဖြစ် ဝယ်ပေးထားသည့် ပန်းသီးကို ထုတ်ယူလိုက်သည်။

“ငါရောလိုက်လို့ရမလား?”
ရှန်ယို့က ရေတစ်ခွက်သောက်ပြီးနောက် မေးသည်။

“နင်ကဘာလိုက်လုပ်မလို့လဲ?”

“ဘာရယ်တော့လည်း မဟုတ်ပါဘူး။ နင်အနားမှာ နေချင်တာနဲ့ နင့်အလုပ်နေရာက အရင်လိုပဲလားလို့ ကြည့်ချင်တာပါ”

“Law firm က အလုပ်လုပ်တဲ့နေရာ။ ပြီးတော့ ငါကိုယ်ရေးကိုယ်တာကိစ္စတွေကို သယ်မသွားချင်ဘူး။ နင်လိုက်မလာတာ ကောင်းမယ်”
မော့ဟန်က ပြောသည်။

မော့ဟန်က အမြဲတမ်း အလုပ်က သူမထက်အရေးကြီးသည့် ဒီလိုမျိုးဆိုသည်ကို ရှန်ယို့က သိပါသည်။ ဒါပင်မယ့်လည်း သူမကတော့ သူ့ကိုအရမ်းချစ်ပါသည်။ အရင်တုန်းက ကျောင်းရဲ့ထိပ်တန်း အေးစက်ကာ ချောမောသည့် ကျောင်းသားကိုရဖို့ သူမအများကြီး ကြိုးစားခဲ့ရသည် ဖြစ်သည်။ ဘယ်လို အပေးအယူလုပ်ရမည်ကို သူမသင်ယူခဲ့ရသည်။ သူ့ဘေးမှာနေဖို့အတွက် သူကအများကြီး စွန့်လွှတ်ခဲ့ရသည်။ သူ့ဘေးတွင် လိုက်ဖက်စွာ နေနိုင်ရေးအတွက် သူမနိုင်ငံကပင် ထွက်ခွာခဲ့ကာ နိုင်ငံခြားတွင် အလုပ်သွားလုပ်ခဲ့သည်။

သူမက သူ့ကိုအရမ်းချစ်ပြီး ဒီလိုကိစ္စသေးသေးလေးကြောင့်ဖြင့် သူမကြိုးစားထားသမျှအကုန်လုံးကို သဲထဲရေသွန် အဖြစ်မခံနိုင်ပေ။

“ဘယ်အချိန်အားမှာလဲ? ငါပြန်လာပြီဆိုတော့ ငါတို့အပြင်ထွက်ပြီး ပျော်ကြရအောင်”

“ဒီရက်ပိုင်းမှာ တရားရုံးတက်ရမယ့်အမှုရှိနေတော့ အပြင်ထွက်လည်ဖို့က နည်းနည်းခက်မယ်”
မော့ဟန်က ပြောသည်။
“အခုမှပြန်ရောက်တာဆိုတော့ အရင်တုန်းက သူငယ်ချင်းတွေနဲ့ပဲ အရင်လည်နှင့်။ နင်တို့မတွေ့ရတာ ကြာပြီမလား?”

“ငါသူတို့နဲ့ အဆက်အသွယ်မရှိတာ ကြာပြီ။ နောက်ရက်မှ ပြန်ဆက်သွယ်ပြီး သွားလိုက်မယ်။ နင့်အိမ်မှာ ငါခနလောက် နားချင်သေးတယ်။ ငါတစ်နေ့လုံး နားမနေရတာတောင် အတော်ကြာပြီ”

“ဒါဆိုရင်လည်းနေ။ ငါအချိန်ရရင်တော့ နင့်ကိုအပြင်လိုက်ပို့ပါမယ်”

ရှန်ယို့က ချက်ချင်းပြုံးရွှင်သွားကာ မျက်လုံးတွေ တလက်လက်ထလာပြီး
“တကယ်လား?”

“အင်း။ ဒီအမှုပြီးရင် ငါခနလောက် နားလိုက်မယ်”

‘မော့ဟန်က ငါ့ကိုချစ်ပါသေးတယ်။ သေချာပေါက်ကို ချစ်ပါသေးတယ်။ မဟုတ်လျှင် ငါနဲ့အချိန်ဖြုန်းစရာ အကြောင်းတောင်မရှိဘူး။ ငါတို့မတွေ့ရတာ တော်တော်ကြာသွားလို့ ငါအရမ်းကို ထိလွယ်ရှလွယ်ဖြစ်နေတာနေမှာပါ’
ရှန်ယို့က သူမဟာသူမတွေးနေမိသည်။

သူမက မော့ဟန်ကို ပြေးဖက်လိုက်သည်။ ထို့နောက် ခြေဖျားထောက်ကာ မော့ဟန်၏နှုတ်ခမ်းကို သူမနှုတ်ခမ်းဖြင့် ဖိကပ်လိုက်သည်။
“ဒါဆိုရင် အိမ်ကနေပဲ စောင့်နေမယ်နော်!”

မော့ဟန်က ဘာမှသိပ်တုံ့ပြန်မလာဘဲ
“အင်း။ ငါ့ကိုအခုလွှတ်တော့။ အလုပ်သွားချိန်တန်ပြီ”

ရှန်ယို့က ပြုံးပြုံးလေးဖြင့် သူ့ကိုလွှတ်ပေးကာ
“အိမ်မှာ အရသာရှိမယ့်ဟာချက်ထားမယ်။ စောင့်နေနော်”

မော့ဟန်က အခန်းထဲဝင်ကာ အဝတ်လဲလိုက်သည်။ နက်ကတိုင်တပ်ပြီးသည်နှင့် သူ့ပစ္စည်းများကိုထည့်ကာ ဖိနပ်စီးပြီး အိမ်ကနေထွက်သွားသည်။

ရှန်ယို့က ထောင့်ကနေ ရပ်ကြည့်နေသည်။ ဒီလိုမြင်ကွင်းမျိုးက အရမ်းကို ချိုမြိန်လွန်းသည်။ သူတို့က လက်ထပ်ကာစ လင်မယားအတွဲလိုပဲ။ သူတို့နောက်ကျရင် အမြဲတမ်း အတူတူနေသွားကြဖို့ကိုတောင် သူမတွေးနေပြီ။
‘ငါတို့က အမြဲတမ်း အတူတူရှိနေကြလိမ့်မယ်’

Previous Chapter 63 of 75 Next