၆၆။ လှဲနေတဲ့မိန်းမ
သူမဟာ ခြေလှမ်းကို နှေးနိုင်သမျှနှေးနှေးဖြင့် အိမ်ကိုပြန်လာခဲ့သည်။ သူမအိမ်ထဲကို ခြေချသောအခါ သူမမဖြစ်ချင်ဆုံးကိစ္စမှာ စောင့်ကြိုနေခဲ့သည်။
ရှန်ယို့က ဆိုဖာပေါ်တွင် အေပရွန်ကြီးဝတ်ကာ ထိုင်နေပြီး သူမကို သဘောတကျ ကြည့်နေလေသည်။
ရှုချင်းရီက သူမကို တစ်ချက်ကြည့်ပြီးနောက် စကားတစ်ခွန်းမှ မဟပေ။ ရှုချင်းရီက ဖိနပ်ကိုလဲကာ သူမအခန်းထဲကို အမြန်ဝင်သွားချင်နေသည်။
“ညီမလေး”
ရှုချင်းရီက ရှန်ယို့အသံကို ကြားသောအခါ လန့်သွားပြီး လက်ထဲကသော့ကိုတောင် လွတ်ကျတော့မတက် ဖြစ်သွားသည်။
ထိုအချိန်တွင် ရှန်ယို့က သူမလက်မောင်းကို လာတွဲကာ ဆွဲခေါ်သွားသည်။ သူမက ပြုံးပြကာ ရှုချင်းရီကို ဆိုဖာပေါ်တွင် သူမနှင့်အတူ ထိုင်စေချင်ပုံပေါ်သည်။
ရှုချင်းရီက အားတင်းပြီး ပြုံးလိုက်ရင်း သူမလက်မောင်းက ရှန်ယို့လက်ကို ဖယ်ပစ်လိုက်ပြီး
“ကျွန်မက အမရဲ့ ညီမလေးမဟုတ်ပါဘူး”
“ညီမလေးက မော့ဟန်ရဲ့ ညီမဆိုတော့ မမရဲ့ညီမပဲပေါ့။ မော့ဟန်ခေါ်သလို မမကလည်းခေါ်မှာပေါ့”
“မော့ဟန်က ကျွန်မကို ဒီလိုမျိုးခေါ်လေ့ခေါ်ထသိပ်မရှိပါဘူး။ ကျွန်မလည်း ဒီကိုရောက်လာတာ သိပ်မကြာသေးတော့ သူနဲ့လည်း အရမ်းမရင်းနှီးပါဘူး။ ကျွန်မကို နာမည်ပဲခေါ်ပေးရင် ကောင်းပါလိမ့်မယ်”
ရှုချင်းရီက ဆက်ပြီးတော့ ဟန်ဆောင်ကာ ပြုံးမထားနိုင်တော့ပေ။
ရှန်ယို့က စိတ်ထဲတွင် ကြိတ်ပျော်သွားပြီ။ အစတုန်းက ရှုချင်းရီက မော့ဟန်အတွက် အရေးပါတဲ့သူတစ်ယောက် ဖြစ်လိမ့်မည်ဟု သူမတွေးမိခဲ့သည်။ ဒါပင်မယ့်လည်း သူမက ဘာမှမဟုတ်သည့်သူပဲ ဖြစ်ပုံရသည်။
“ဒါဆို စိတ်မဆိုးတက်ရင် ရှောင်ရှုလို့ပဲ ခေါ်မယ်နော်”
ရှန်ယို့က သူမလက်မောင်းကို ထပ်တွဲကာ ပြောသည်။
“မနေ့က မမလုပ်မိတာကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်နော်။ မမလည်း ဆိုးသွားမိတယ်”
“အားနာပင်မယ့် ကျွန်မကတော့ စိတ်ထဲမှတ်ထားတယ်”
ရှုချင်းရီက ရှန်ယို့စိတ်သက်သာရာရရန်အတွက် ဘာမှလုပ်မပေးချင်ပေ။
ရှန်ယို့က ဒေါသထောင်းခနဲ ထွက်လာသည်။
‘ငါက ပါးနှစ်ချက်လောက်လေးချမိတာကို မာနကြီးပြနေရအောင် နင်ကဘာကြီးမလို့လဲ? ငါကဘယ်သူ့ကိုမှ ဒီလိုနှိမ့်ချပြီး တောင်းပန်ခဲ့ဖူးတာ မဟုတ်တာကိုလေ? ငါဘယ်မိန်းမကို ဒီလိုချိုချိုသာသာ မဆက်ဆံဘူးခဲ့တာကိုတောင်မှပဲလား?’
“မမအမှားပါကွယ်။ ဒီအမကြီးကိုပဲ အပြစ်ပုံချလိုက်ပါတော့။ ကြည့်ပါဦး ဒီမှာ ရှောင်ရှုကို တောင်းပန်ဖို့ဆိုပြီး မမက ဟင်းတွေတောင် ချက်ထားတာ”
ရှန်ယို့က အပြုံးမပျက်ဘဲ ရှုချင်းရီကို ထမင်းစားခန်းထဲခေါ်သွားရင်း ပြသည်။
ရှုချင်းရီက အစားအသောက်တွေ ပြည့်နေသည့် ထမင်းစားပွဲကိုကြည့်ပြီးနောက် ရှောင်ယို့ကို တစ်ချက်ကြည့်လိုက်မိသည်။ သူမစိတ်ထဲတွင် ကြိတ်ရယ်နေမိသည်။
‘ဒီမိန်းမက အရှက်ကိုမရှိတဲ့ လူလိမ်မပဲ။ အမှိုက်တောင်းထဲမှာ ဟော်တယ်ကမှာထားတဲ့ အစားအသောက်အိတ်အခွံတွေ ရှိနေသေးတယ်။ ဒါကို သူကအေပရွန်လှလှလေးဝတ်ပြီး ငါ့ကိုလာလိမ်တယ်။ မသိရင် သူတစ်ယောက်တည်း ဒါတွေအကုန်လုံးကို ချက်ထားတဲ့ပုံလည်း လုပ်နေသေးတယ်’
“ကျွန်မ ဗိုက်မဆာဘူး။ အမဟာအမ ကို. . . မော့ဟန်နဲ့ စားလိုက်”
ရှုချင်းရီက သူမအခန်းထဲကို ပြောပြီးလှည့်ဝင်သွားသည်။ ရှန်ယို့ကတော့ အလျှော့မပေးသေးဘဲ နောက်ကနေ အော်ပြောသည်။
“ဒါဆိုရင်လည်း အတူတူစားကြရအောင်နော်! မော့ဟန်လည်း ပြန်လာတော့မှာပါ”
‘ရှန်ယို့လို မျက်နှာနှစ်ဖက်နဲ့ မိန်းမကသာ ငါနဲ့မစားချင်နေတာ နေမှာ’
ရှုချင်းရီက လမ်းလျှောက်သွားရင်း တွေးနေမိသည်။
မော့ဟန်ပြန်လာသည့်အချိန်မှာ ရှန်ယို့က ဆိုဖာပေါ်တွင် အေပရွန်ဝတ်ထားဆဲဖြင့် TVထိုင်ကြည့်နေသည်။ အိမ်တစ်ခုလုံးက တိတ်ဆိတ်နေကာ TVအသံသာ ထွက်နေသည်။
“ပြန်လာပြီပေါ့”
ရှန်ယို့က မော့ဟန်ကို သွားကြိုသည်။ သူမက မော့ဟန်ကို ဖက်ချင်သောကြောင့် လက်ကိုဆန့်ကာ မော့ဟန်လည်ပင်းကို သိုင်းဖက်ရန်ပြင်သည်။
မော့ဟန်က သူ့စာရွက်စာတမ်းအိတ်ကိုချရင်း နောက်လက်တစ်ဖက်ဖြင့် သူတို့ကြားက အကွာအဝေးကို ပိုဝေးစေရန် တွန်းလိုက်ကာ
“အရင်သွားနှင့်။ ငါနက်ကတိုင်ဖြည်ရဦးမယ်”
ရှန်ယို့က နည်းနည်းနောက်ကို ရွေ့သွားပင်မယ့် မော့ဟန်လက်မောင်းကို လှမ်းတွဲလိုက်ကာ
“ဗိုက်ဆာနေပြီလား? ငါနင့်အတွက် အများကြီး ပြင်ပေးထားတယ်”
သူမက မော့ဟန်ကို ထမင်းစားခန်းထဲတွဲခေါ်သွားကာ စားပွဲပေါ်က မထိရသေးသည့် အစားသောက်များကိုပြရင်း
“နည်းနည်းတောင် အေးကုန်ပြီ။ ငါနောက်ပြန်နွှေးလိုက်မယ်။ နင့်အစာအိမ်ကမကောင်းတော့ အေးတာတွေကို နင်မစားသင့်ဘူး”
မော့ဟန်က စားပွဲပေါ်ကဟာတွေကိုကြည့်ကာ
“ရပါတယ်။ ငါမဆာသေးပါဘူး။ အစားအသောက်ကို ဒီမှာပဲထားခဲ့လိုက်တော့မယ်”
သူ့ကုတ်အကျီကိုချွတ်ကာ နက်ကတိုင်ကို ဖြေရင်းဖြင့်
“သူပြန်လာပြီလား?”
ရှန်ယို့က မော့ဟန်ဘယ်သူ့ကို ရည်ညွှန်းနေသလဲဆိုသည်ကိုသိသောကြောင့် စိတ်မချမ်းမသာဖြစ်သွားသည်။
“အင်း ပြန်လာပြီ။ သူ့အခန်းထဲကို ခနဝင်သွားတယ်”
မော့ဟန်က သူ့အကျီကို လက်ပေါ်တင်ကာ ရှုချင်းရီ၏ အခန်းဘက်သို့ ဦးတည်သွားသည်။ ရှန်ယို့က မျက်နှာပျက်ကာ မော့ဟန်လက်မောင်းကို ဆွဲလိုက်က်ပြီး
“နင်ပြန်လာတည်းက ငါတို့စကားရေရေရာရာတောင် မပြောရသေးတာကို နင်ကသူ့ဆီသွားမလို့လား?”