May Honey Logo May Honey
Previous Next

၅၉။ တောင်းပန်ခြင်း

ရှန်ယို့က သူမပြောလေလေ ဒေါသထွက်လေလေဖြစ်သည်။ ရှုချင်းရီထိန်းထားသည့် သူမလက်ကို အတင်းဆွဲရုန်းကာ နောက်တစ်ချက်ရိုက်ပစ်လိုက်သည်။ ထိုအခါ ရှုချင်းရီမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

ရှန်ယို့က ရှုချင်းရီကို ငုံကြည့်နေရင်းက
“မဖြစ်နိုင်တာ! ငါပြောပြမယ်! မော့ဟန်က ငါတစ်ယောက်တည်းရဲ့အပိုင်ပဲ!”

ရှုချင်းရီက နှစ်ခါရိုက်ခံလိုက်ရသောကြောင့် ဒေါသတော်တော်ထွက်နေပြီ။ သူမမနည်းပြန်ထလိုက်သည်။ ဒီမိန်းမကို သူမတောင်းပန်လာသည့်အထိ ဆံပင်မွှေးစောင့်ဆွဲကာ ပါးတွေပြန်ရိုက်ပစ်ချင်နေပြီ။ ဒီမိန်းမစိတ်ကငြိမ်လာသည့်အထိစောင့်ကာ အကုန်ရှင်းမပြနိုင်တော့ဘူး!

သူမလုပ်ချင်သလို လက်တွေ့မှာလုပ်ဖို့ လက်မြှောက်လိုက်တော့မည့် အချိန်တွင်ပဲ မော့ဟန်က ပြန်ရောက်လာသည်။

သူမတို့နှစ်ယောက်လုံးမှာ တံခါးဝသို့ တပြိုင်တည်း ကြည့်မိလိုက်သည်။

ထို့နောက် ရှုချင်းရီမှာ မျက်နှာလွှဲကာ တခြားတစ်နေရာသို့ကြည့်ရင်း ဆိတ်ဆိတ်နေလိုက်သည်။ ရှန်ယို့ကတော့ အပြေးအလွှားဖြင့် မော့ဟန်လက်မောင်းကိုတွဲကာ ရှုချင်းရီကို လက်ညိုးငေါက်ငေါက်ထိုးရင်း
“ပြော! သူကဘယ်သူလဲ? ဘာဖြစ်လို့ နင်အိမ်မှာ နေနေတာလဲ?”

“ဘာဖြစ်လို့ နင်ပြန်လာတာလဲ?”
မော့ဟန်က ရှန်ယို့ကို ကြည့်လိုက်သည်။

“ဘာဖြစ်လို့ ငါကပြန်မလာနိုင်ရမှာလဲ? ငါသာပြန်မလာရင် နင့်အိမ်မှာ မိန်းမတစ်ယောက်ရှိနေမှန်းတောင် ငါသိရမှာ မဟုတ်ဘူး! ပြော! နင်နဲ့သူနဲ့က ဘယ်လိုဆက်ဆံရေးလဲ?”
ရှန်ယို့က ငိုယိုကာ အော်ကြီးဟစ်ကျယ်ဖြင့် မော့ဟန်ရဲ့လက်မောင်းကို ဆွဲယမ်းရင်း မေးသည်။

မော့ဟန်က ဧည့်ခန်းထဲက အပျက်အစီးပုံကြီးကို မြင်သောအခါ ခေါင်းကိုက်လာသည်။ ရှုချင်းရီက သူ့အိမ်တွင်နေမှန်း သူမသိသွားသည့်အခါ သောင်းကျန်းတော့မည် ဆိုသည်ကို သူသိပါသည်။

“ဒါငါ့ညီမ”
မော့ဟန်က သက်ပြင်းချကာ ပြောသည်။

ရှန်ယို့မှာ မော့ဟန်ပြောသည်ကို ကိုယ်တိုင်ကြားသော်လည်း မယုံကြည်နိုင်သေးပေ။

“နင့်မှာညီမရှိမှန်း ဘာဖြစ်လို့ ငါမသိခဲ့ရတာလဲ? နင်ငါ့ကိုလာလိမ်နေတာမလား?”

မော့ဟန်က မျက်မှောင်ကျုံကာ အိပ်ခန်းထဲက စာရွက်စာတမ်းအထပ်လိုက်ကို သွားယူကာ သူမရှေ့တွင် ချပေးရင်းဖြင့်
“ဒီမှာကြည့်။ စာရွက်စာတမ်းတွေကအစ အကုန်လုံးပဲ!”

ရှန်ယို့က သံသယအပြည့်ဖြင့် စာရွက်စာတမ်းများကို ယူကြည့်သည်။ မွေးစားခြင်းဖြစ်စဉ်တစ်ခုလုံးမှာ အမှားအယွင်းတစ်ခုမှမရှိဘဲ ၁၂နှစ်အရွယ် ရှုချင်းရီမှာ အမေရိကမှ သူ့မိဘများ မွေးစားထားသူဖြစ်ကြောင်း ရေးသားထားသည်။

“ညီမရှိရင်လည်း ဘာဖြစ်လို့ ငါ့ကိုပြောမပြရတာလဲ?”

“ငါလည်း အခုတလောလေးကမှ သိတာ”
မော့ဟန်က ပြောသည်။ ထို့နောက်သူက ဘာစကားတစ်ခွန်းမှ ဝင်မပြောသေးသည့် ရှုချင်းရီဆီလျှောက်သွားလိုက်သည်။ ထိုကောင်မလေးမျက်နှာတွင် လက်ဝါးနှစ်ဖက်အရာက ထင်းနေသည်။ ထိုအခါ ရှန်ယို့ဘက်သို့ လှည့်ကြည့်ကာ
“နင်သူ့ကိုရိုက်လိုက်တာလား?”

“ငါ . . .”

မော့ဟန်က ခိုင်မာစွာ
“တောင်းပန်လိုက်”

“အဲ့အချိန်တုန်းက ငါလည်း သူဘယ်သူမှန်း မသိတာနဲ့ ပြီးတော့ ငါထင်တာက. . .”

“တောင်းပန်!”
မော့ဟန်က ပေါက်ကွဲသွားသည်။

ရှန်ယို့က မော့ဟန် ဒေါသထွက်သွားသည်မျိုးကို တစ်ခါမှ မမြင်ဘူးသလို သူမကို ဒီလိုလေသံဖြင့် တစ်ခါမှ မအော်ဘူးပေ။ ထိုအရာက သူမကို တကယ်စိတ်ဆင်းရဲစေသည်။
“ငါမှားတယ်ဆိုရင်တောင် ဘာဖြစ်လို့ ငါ့ကိုဒီလိုလေသံနဲ့ ပြောနေတာလဲ?”

“မှားတာက မှားတာပဲ။ တောင်းပန်လိုက်”
မော့ဟန်က ပြောသည်။

ရှန်ယို့က သူမကို တချိန်လုံး တိတ်ဆိတ်စွာ ကြည့်နေသည့် ရှုချင်းရီကို လှည့်ကြည့်လိုက်သည်။ ရှန်ယို့က မလွယ်ကူသလို ခံစားရသည်။ နောက်ဆုံးမှာတော့ သူမခေါင်းငုံကာ
“ငါစိတ်မကောင်းပါဘူး။ ပြီးတော့ တမင်လုပ်ခဲ့တာလည်း မဟုတ်ပါဘူး”

ရှုချင်းရီက သူမပြောတာကိုမှ ကြားသည့်အခါမှ ရှန်ယို့ကို ထပ်စိုက်မကြည့်တော့ပေ။ သူမက ကြမ်းပြင်ပေါ်တွင် ရှုပ်ပွနေသည့် သူမအဝတ်များကို ထိုင်ချကာ ပြန်ရှင်းနေသည်။ သူမအဝတ်အများစုမှာ ဖုန်တွေပေသွားရုံပဲမလို့ ပြန်လျှော်ကာ ဝတ်၍ရသေးသည်။ ဒါပင်မယ့် တချို့ပစ္စည်းများကတော့ စုတ်ပြဲသွားကာ ကြမ်းပြင်ပေါ်တွင် အပိုင်းပိုင်းအစစ ကွဲအက်သွားခဲ့သည်။

“တချို့ဟာတွေကိုတော့ ထပ်ဝယ်ပေးရတော့မှာပဲ”
ရှုချင်းရီက ရှင်းလင်းရေးလုပ်ရင်း ပြောသည်။

“ပြန်သုံးဖို့ လုပ်မနေနဲ့။ အကုန်လွှတ်ပစ်လိုက်။ အသစ်ဝယ်ပေးမယ်”
မော့ဟန်က ဆိုဖာပေါ်တွင် နားထင်ကြောနှစ်ဖက်ကိုဖိကာ စိတ်အခြေအနေမကောင်းသည့်ပုံဖြင့် ထိုင်နေရင်းက ပြောသည်။

“မလိုပါဘူး”
ရှုချင်းရီ၏ လေသံကလည်း ပြတ်သားသည်။

မော့ဟန်က သူမကို ခေါင်းထောင်ကြည့်တော့ သူမက အဝတ်ခေါက်နေရင်းကနေ
“အသစ်မလိုချင်ပါဘူး။ ဒါတွေပဲ ကောင်းတယ်”

ထိုအချိန်တွင် သူဝင်လာကတည်းက အခုအချိန်အထိ ရှုချင်းရီမှာ သူ့ကိုလုံးဝမကြည့်တော့သည်ကို သတိထားမိသွားသည်။

ရှုချင်းရီက သူမအဝတ်တွေ အကုန်ခေါက်ပြီးသွားသည်နှင့် ထရပ်ကာ ပြောသည်။
“ကိုကြီးအခန်းထဲကဟာတွေ သွားယူလိုက်မယ်။ ပြီးတော့ ဧည့်ခန်းမှာပဲ အိပ်တော့မယ်။ အဲ့ဒါမှ နောက်ကျရင် ကိုကြီးတို့နှစ်ယောက်ကို မနှောင့်ယှက်မိတော့မှာ”

Previous Chapter 59 of 75 Next