၃၅။ ကျွန်မအကိုလည်းမဟုတ်ဘူး
“ရှိတယ်လို့ပြောတယ်။ ဒါပင်မယ့် ဘယ်သူမှ မမြင်ဖူးဘူး။ ကောင်မလေးက အမေရိကန်မှာ အလုပ်လုပ်နေတာတဲ့။ လှလည်းလှတယ်လို့ပြောတယ်”
လီကျင်းအမူအယာကပြောင်းသွားသည်။
“သြော်. . .ရှိနေတာလား?”
“ဟုတ်တယ်။ ငါလည်းတစ်ခါမှ မတွေ့ဖူးတာ ရှက်စရာဘဲ”
မော့ဟန်က ကားမောင်းကာ သူ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်မှာ ကားအနောက်တွင်ထိုင်သည်။ သူတို့ကရုံးကိုပြန်အလုပ်သွားမလုပ်ခင် နေ့လည်စာစားရန် ဆိုင်တစ်ဆိုင်သို့ဝင်မည်ဖြစ်သည်။
မော့ဟန်ဖုန်းက မြည်လာသည်။
မော့ဟန်က ဖုန်းကိုနောက်တွင်ထိုင်နေသည့် လျူဇီယွမ်အား ဘယ်သူခေါ်သလဲဟုကြည့်ခိုင်းလိုက်သည်။
“မသိတဲ့ဖုန်းနံပတ်ကြီး”
လျူဇီယွမ်က မော့ဟန်ဖုန်းကို ယူကြည့်လိုက်သည်။
“ကိုင်လိုက်။ သူစိမ်းဆိုရင် ချလိုက်”
လျူဇီယွမ်က ဖုန်းကိုကိုင်လိုက်သည်။
“ဟယ်လို”
“ဟင်? ဒါကျွန်မအကိုအသံလည်း မဟုတ်ဘူး”
ရှုချင်းရီက ဖုန်းနံပတ်ကို နောက်တစ်ခါပြန်စစ်လိုက်သည်။ သူမခေါ်သည်မှာ မှန်ပါသည်။
“ဘယ်သူခေါ်နေတာလဲ?”
“မော့ဟန်ရဲ့ညီမ ရှုချင်းရီပါ”
လျူဇီယွမ်က မနေ့ညက ရုံးကိုရောက်လာသည့် ကောင်မလေးကို သတိရသွားသည်။ ဖုန်းကို မော့ဟန်ကိုပေးကာ ပါးစပ်လှုပ်ရုံပြောသည်။
“ဆရာ့ညီမလား?”
မော့ဟန်က ကားကိုပဲ အာရုံစိုက်မောင်းနေရင်း
“ငါ့အိတ်ထဲက bluetoothနားကြပ်နဲ့ ချိတ်ပြီးရင် ငါ့ကိုပေး”
“ဖုန်းနံပတ်ဘယ်ကရတာလဲ?”
မော့ဟန်က နားကြပ်တပ်ပြီးသောအခါ မေးသည်။
“မနေ့ညက စားပွဲပေါ်မှာ လိပ်စာကဒ်တွေ့လို့ ယူထားလိုက်တာ။ ကိုကြီးက ဖုန်းကျတော့ အရင်ခေါ်ခိုင်းတယ်။ နံပတ်လည်း ဘယ်တုန်းကမှ မပေးဘဲနဲ့များ”
ရှုချင်းရီက ပြောသည်။
မော့ဟန်က ဥက္ကဋ္ဌကျန်းအမှုနဲ့ ဒီရက်ပိုင်းအလုပ်ရှုပ်နေကာ သတိမမူမိသည့် ကိစ္စတွေအများကြီး ရှိသွားသည်။
“တောင်းပန်ပါတယ်။ ဒီရက်ပိုင်းအလုပ်အရမ်းများနေတော့ မေ့သွားတယ်ကွာ။ ဘာကိစ္စရှိလို့လဲ?”
“ညီမလေးက ကျောင်းမှာ။ ဝန်ထမ်းတွေနဲ့ တွေ့ပြီးသွားပြီ။ နောက်ခံမိသားစုအကြောင်း စာရွက်စာတမ်းတွေ လိုသေးတယ်တဲ့။ အဲ့ဒါ ညီမလေးမှာမရှိလို့ကိုကြီးမှာရှိတယ်မလား?”
“ကျောင်းကိုရောက်သွားတာလား?”
မော့ဟန်က သူမကျောင်းကို အစောကြီးသွားလိမ့်မည်ဟု မထင်ခဲ့မိဘူး။
“ဟုတ် ဒီမနက်အိမ်မှာပျင်းနေတာနဲ့ ကျောင်းကိုသွားလိုက်တာ”
ရှုချင်းရီက သာမန်ပဲပြန်ဖြေသည်။
မော့ဟန်၏ လေသံမှာ ကျေနပ်နေသည့်ပုံမပေါက်ဘဲ
“ဒီရက်ပိုင်း အိမ်မှာပဲနားနေပါလို့ ငါမင်းကိုမပြောခဲ့ဖူးလား? ပြီးတော့ သက်သာမှ ကျောင်းတက်ပါလို့ ဒီလောက်မှာခဲ့ရဲ့နဲ့”
ကားထဲကလူများမှာ စိတ်ခံစားချက်မဲ့သည့်မော့ဟန်၏ ဒေါသထွက်နေသည့်လေသံကို ကြားရသောအခါ အံ့သြသွားသည်။ သူတို့က မော့ဟန်၏ ဒီလိုအခြေအနေမျိုးကို အမှုကိစ္စမှာ အရမ်းရှုတ်ထွေးပြီး ရှင်းရခက်သည်ဝအခြေအနေမျိတွင် တွေ့ရတက်သည်။ ထိုသို့ဖြစ်လျှင် သူတို့မှာ အချိန်ပိုဆင်းရတော့သည်။
ရှုချင်းရီက ရှင်းပြသည်။
“ဟုတ်ကဲ့ . . .ညီမလေး သက်သာနေပါပြီ။ မနေ့က ဆေးစစ်တုန်းက ဆရာဝန်က လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်ရင် ရပြီတဲ့။ ပြီးတော့ ကိုကြီးပဲ ညီမလေးကို ကျောင်းအရမ်းတက်စေချင်တာ မဟုတ်ဘူးလား?”
“ကျောင်းမသွားခင်ကရော ဘာဖြစ်လို့ မခေါ်တာလဲ?”
“ခေါ်သားပဲ။ ကိုကြီးက တရားရုံးထဲရောက်နေတာထင်တယ်။ ဆက်လို့ကိုမရတာ”
မော့ဟန်က သူမကို ဘယ်လိုဆက်ဆူရမလဲ မသိတော့တာကြောင့် မေးပဲမေးတော့သည်။
“အတန်းဖော်တွေနဲ့ရော တွေ့ခဲ့လား?”
“တွေ့တယ်။ ညီမလေး တစ်ချိန်တောင်တက်လိုက်သေးတယ်။ အခုအတန်းချိန်ပြီးသွားလို့ ကိုကြီးကိုဖုန်းခေါ်လိုက်တာ”
“အဆင်ပြေလား?”
“ဟုတ် ပြေတယ်။ သက်သင့်သက်သာမဖြစ်တာ တစ်ခုမှမရှိဘူး”
ရှုချင်းရီက တွေဝေနေသည့်အသံဖြင့် မေးသည်။
“ညီမလေး ညပိုင်းအတန်းမရှိဘူး။ ဒါပင်မယ့် အိမ်ကိုလည်း မပြန်ချင်သေးလို့။ ရုံးကိုလာလို့ရမလား”
မော့ဟန်ကလည်း တွေဝေသွားသည်။ သူ့အလုပ်ကို ကိုယ်ရေးကိုယ်တာက ရောထွေးနေသည်ကို သူမကြိုက်ပေ။ သူကအမြဲတမ်း တရားရုံးနဲ့ သူ့ရုံးကြားမှာပဲ အချိန်ပေးထားပြီး သူ့အတွက်ကိုယ်ပိုင်အချိန် နည်းနည်းလေးပဲရှိသည်။ အဲ့ဒါကြောင့် မနေ့တုန်းက ရှုချင်းရီကို ဆေးရုံမှာထားခဲ့ပြီး ပြန်လာကြိုရန်မေ့သွားခြင်း ဖြစ်သည်။
အခုဒီကောင်မလေးမှာ သူ့တရားဝင်ညီမဖြစ်သွားပြီဆိုတော့ သူမကိုစောင့်ရှောက်ရန်မှာ သူ့တာဝန်ဖြစ်သည်။ ဒါပင်မယ့်လည်း သူမကိုလျစ်လျူရှုကာ သူတာဝန်မကျေသလို ဖြစ်နေလေပြီ။