၃၇။ ပုံမှန်ဝတ်ထားလည်းခန့်ညားဆဲ
ရှုချင်းရီက ရုံးခန်းထဲသို့ဝင်လာသည့်အခါ မော့ဟန်ကို နှုတ်ဆက်လိုက်သည်။ မော့ဟန်က အလုပ်လုပ်နေရင်းကနေ မော့ကြည့်ကာ သူမကို ခေါင်းဆတ်ပြပြီးနောက် အလုပ်ပြန်ဆက်လုပ်နေသည်။
မော့ဟန်က သူမကို အာရုံမရှိသောအခါ ရှုချင်းရီက နှုတ်ခမ်းလေးဆူသွားသည်။ ရုံးခန်းထဲတွင် ခနတဖြုတ် လျှောက်ပတ်ကြည့်ပြီးသည့်အခါ ကြုံရာစာအုပ်တစ်အုပ်ကောက်ဆွဲကာ စာထိုင်ဖတ်နေတော့သည်။ သို့သော် သနားဖို့ကောင်းသည်မှာ မော့ဟန်၏ စာအုပ်တိုင်းသည် ဥပဒေစာအုပ်များဖြစ်နေသည်။ သိပ်မကြာခင်တွင်ပဲ သူမမျက်ခွံများလေးလံလာကာ အိပ်ချင်စိတ်က ကြီးစိုးလာသည်။ ထို့ကြောင့် စာအုပ်ကိုပိတ်ကာ မော့ဟန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် အညောင်းအညာပြေ လမ်းလျှောက်ရင်း လေကောင်းလေသန့်ရှုရန် အပြင်သို့ ထွက်သွားသည်။
မော့ဟန်၏အကူဖြစ်သော လီကျင်းသည် ရှုချင်းရီထွက်လာသည်ကို မြင်သောအခါ ချက်ချင်းမတ်တပ်ရပ်ကာ မေးသည်။
“ဘာကူညီပေးရမလဲ”
ရှုချင်းရီက လန့်သွားကာ
“ဘာမှမဟုတ်ပါဘူးရှင့်။ အထဲမှာ နည်းနည်းမွန်းကြပ်လာလို့ အပြင်ကို ခနထွက်လာတာ”
“ရေသောက်မလား? တခြားတစ်ခုခုသောက်ချင်လား?”
“ရပါတယ်။ ညီမလေးမဆာသေးပါဘူး”
ရှုချင်းရီက မော့ဟန်အခန်းဘက်ကို လက်ညှိုးထိုးပြကာ
“ကိုကြီးက ပုံမှန်ဆိုရင် ဒီလိုပဲလား?”
“ဒီလိုဆိုတာက?”
လီကျင်းက ရှုချင်းရီမေးချင်သည်ကို နားမလည်လေဘူး။
“အမြဲတမ်းအလုပ်ပဲ လုပ်နေပြီး စကားလည်း မပြောဘူးလား?”
လီကျင်းက ရယ်ကာ သူမမျက်လုံးထဲတွင် အထင်ကြီးလေးစားစိတ်ပြည့်လျှံနေကာ ပြောပြသည်။
“အမဒီlaw firmကိုရောက်ကတည်းက ရှေ့နေကြီးက ဒီလိုပဲ။ ရှေ့နေကြီးက အလုပ်လုပ်နေပြီဆိုရင် သတိရှိရှိနဲ့ အရမ်းကို တိကျတာ။ စကားနည်းတဲ့သူဆိုပင်မယ့်လည်း တရားရုံးမှာ တစ်ဖက်ရှေ့နေကို ပြန်မချေပတက်အောင် ပြောတက်လွန်းတယ်။ အဲ့ဒါကြောင့်လည်း ဒီမြို့မှာ နာမည်ကြီးနေတာပေါ့။ စီးပွားရေးပြဿနာတက်ပြီဆိုရင် တို့ရှေ့နေကြီးကိုပဲ အမြဲလာရှာကြတာသလား”
ရှုချင်းရီက လီကျင်း၏ တောက်ပနေသည့်အပြုံးနှင့် ချစ်စိတ်မွှန်နေသည်ကို မြင်ရသောအခါ ဘုကလန့်မပြောဘဲ မနေနိုင်တော့ပေ၊
“တကယ်တော့ . . . ကိုကြီးက မကြီးထင်သလောက်ကြီးတော့လည်း မဟုတ်ပါဘူး”
လီကျင်းက သူမ၏ မျက်လုံးတောက်တောက်လေးများကို ကြည့်ကာ
“ညီမလေးက ရှေ့နေကြီးရဲ့ ညီမဆိုတော့ ရှေ့နေကြီးအကြောင်းကို ပိုသိမှာပေါ့နော်”
ရှုချင်းရီက ခေါင်းခါပြလိုက်သည်။
“တကယ်တော့ အဲ့လောက်ကြီးလည်း မသိပါဘူး။ ညီမလေးက နိုင်ငံခြားကနေ ပြန်ရောက်တာ သိပ်မကြာသေးဘူး။ ညီမတို့က . . . အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက် တွေ့ရခဲတယ်လေ”
“ဒါပင်မယ့် . . .မောင်နှမတွေပဲဟာ?”
“ညီမလေးက မွေးစားခံထားရတာ။ အမေရိကန်မှာ ညီမလေး ဆယ်ကျော်သက်အရွယ်တုန်းက ကိုကြီးက ဒီမှာလေ။ အဲ့ဒီတော့ မတွေ့ဖူးဘူး”
ရှုချင်းရီက လိမ်တာနဲ့ အရမ်းအသားကျနေသလို ခံစားရပြီး အခုဆိုရင် သူမရှက်တောင် မရှက်တော့ပေ။
“ဪ အဲ့ဒီလိုကိုး. . .”
လီကျင်းက သက်ပြင်းချသည်။
ရှုချင်းရီက ပုံမှန်လိုပင် ဆက်ပြောသည်။
“ကိုကြီးက ရုံးမှာနဲ့ အိမ်မှာ ဘာမှသိပ်မကွာဘူး။ မအိပ်သေးရင် အဲ့ဒါစာကြည့်ခန်းထဲမှာ အလုပ်လုပ်နေလို့ပဲ။ ကိုကြီးက အရမ်းအေးလွန်းတယ်။ ဗိုက်ဆာလာရင်တောင် ချက်ပြုတ်စားမယ် မရှိဘူး။ အပြင်မှာပဲ ထွက်စားနေရတာ”
လီကျင်းက ဒါကိုကြားသောအခါ စိတ်လှုပ်ရှားသွားပြီး ရှက်ပြုံးလေးဖြင့်
“ဒါဆိုရင် အိမ်မှာ အိမ်နေရင်းအဝတ်အစားနဲ့ဆိုရင်တောင် ခန့်နေတုန်းပဲလား?”
“သိပ်မကွာပါဘူး။ ကိုကြီးပုံစံက ဒီလိုပါပဲ”
“ဟယ် မဖြစ်နိုင်တာ”
ရှုချင်းရီက ရယ်ကာ
“ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ? ဒါဆိုရင်. . .ဒီလိုလုပ်။ ညီမလေး ကြုံရင်ဓာတ်ပုံခိုးရိုက်လာပြီး မကြီးကို တစ်ရက်ကျရင်ပြမယ်”
လီကျင်းအတွက် ရှုချင်းရီက ရှေ့နေကြီးထက်တောင် ပိုရင်းနှီးသွားသည်။ ရှုချင်းရီနှင့် စကားပြောရတာက သူမအတွက် သက်တောင့်သက်သာလည်း ပိုရှိသည်။ သူမနောက်ခံက တောင့်ပင်မယ့်လည်း သာမန်ကောင်မလေးလိုပင် အမြဲပြုံးပြုံးလေးဖြင့် အိုးတိုးအန်းတန်းဖြစ်မနေချေ။ သူ့အကိုအကြောင်းကွယ်ရာမှာ အတင်းပြောနေတာတောင်မှ ပြုံးပြုံးလေးပင် ဖြစ်သည်။
ရှုချင်းရီက လီကျင်းအလုပ်လုပ်နေသည့်ဘေးတွင် ထိုင်နေသည်။ မော့ဟန်အခန်းထဲတွင် ထိုင်နေရသည်နှင့် သိပ်မကွာလှသော်လည်း ဒီမှာထိုင်နေရသည်က လီကျင်းက အားရင်အားသလို စကားပြောနေပေးတော့ သူမသိပ်မပျင်းရတော့ပေ။