May Honey Logo May Honey
Previous Next

၄၈။ အပျက်မ

မော့ဟန်က မျက်မှောင်ကျုံလိုက်သည်။
“မေးပြီးသားမဟုတ်ဘူးလား?”

“တခြားအမှုပါ။ ဒီတိုင်းလာမေးတာ”

“ညနေပိုင်းအတန်းရှိသေးလား? မရှိရင် ပြောဆိုပြီးတာနဲ့ ညစာစားဖို့ အိမ်ကို ပြန်လာခဲ့”

“ညစာစားဖို့ ပြန်လာမှာလား? အလုပ်စောစောဆင်းတာလား?”
ရှုချင်းရီက ဝမ်းသာစွာ တအံ့တသြမေးသည်။ သူမအတွက် မော့ဟန်က ညဆိုင်းမဆင်းရသည့်ရက်က မရှိသလောက်ရှားပါးသောကြောင့် ကျောင်းမှာပဲ စားနေရသည်က များသည်။

“အင်း။ ဒီနေ့အလုပ်နည်းတော့ စောစောပြန်လာလိုက်တာ။ ဘာစားချင်လဲ?”

ရှုချင်းရီက တခစ်ခစ်ရယ်ရင်း
“ဘာပဲဖြစ်ဖြစ်။ ဗိုက်ဝရင် ပြီးရော”

မော့ဟန်က သူမအကြိုက်ကို သိနေပြီဖြစ်သည်။ သူမက ကြေးမများသည့် အစုံစားသတ္တဝါလေးဖြစ်သည်။ ထို့ကြောင့် ညီမလေးတစ်ယောက်ကို စောင့်ရှောက်နေရသည်ထက် ကလေးတစ်ယောက်ကို ပျိုးထောင်နေရသလိုမျိုး သူခံစားရသည်။

“အိမ်စောစောပြန်လာဖို့ မေ့မနေနဲ့”
မော့ဟန်က ဒီလိုစကားမျိုးကို တစ်စုံတစ်ယောက်အား ပထမဆုံးပြောဖူးခြင်း ဖြစ်သည်။

ဒါက သူ့အတွက် ထူးခြားလွန်းသည်။ သူတစ်ယောက်တည်းနေတာကြာနေပြီ ဖြစ်သောကြောင့် တစ်စုံတစ်ယောက်ကို ဒီလိုပြောရမည့်နေ့ ရောက်လာမည်ဟု သူမထင်ခဲ့ပေ။

“ဟုတ်ကဲ့။ အခုအိမ်ပြန်လာပါပြီရှင့်”
ရှုချင်းရီက တစ်ဖက်လူအား ချိုသာစွာ ပြန်ဖြေလိုက်သည်။

ရှုချင်းရီက ကျန်းယန်၏အမှုကို စိတ်ဝင်စားနေသည်။ ဒါပင်မယ့် သူမစိတ်ဝင်စားသည်က လူသတ်သမားကို ဖော်ထုတ်ဖို့မဟုတ်ဘဲ လူသတ်သမားက ဘာဖြစ်လို့ မတူညီသည့်အမျိုးသမီးများကို သတ်နေသလဲပင် ဖြစ်သည်။ လူသတ်သမား၏နည်းလမ်းကို ကြည့်လျှင် ထိုသူမှာ လူတစ်ယောက်ကို အချိန်တိုအတွင်း သတ်ပြီး သူ့ရည်မှန်းချက်ကိုရရန် ရိုးရှင်းသည့်လက်နက်ကို သုံးသွားသောကြောင့် ထက်မြက်ကာသတိကြီးသည့်သူဖြစ်သည်။

သေဆုံးသည့်အချိန်ကာလမှာ ညဘက်ဖြစ်သည်။ ပထမလူသတ်မှုမှာ ကျောင်းဝင်းထဲက သစ်ပင်များကြားတွင် ဖြစ်သည်။ ဒုတိယတစ်ခါရောက်တော့ လူရှုပ်သည့် လမ်းမပေါ်တွင် ဖြစ်ပွားသွားသည်။ သေချာသည်ကတော့ ထိုလူသတ်သမားမှာ လူထု၏အာရုံစိုက်မှုရအောင် လည်ပင်းကိုဖြတ်ကာ လူသတ်ပြီး မြေပြင်ပေါ်တွင် သွေးများစဉ်နေစေကာ သူ့အောင်မြင်မှုကို ပြသနေခြင်းဖြစ်သည်။

သူ့အတွက်ကတော့ သူ့အောက်တွင် နာကျင်စွာ ရူန်းကန်နေသည့်လူကို မြင်ရခြင်းက စိတ်ကျေနပ်စရာဖြစ်သည်။

သို့သော် သူမအဖြေရှာမရသည့် အချက်များရှိသေးသည်။
သေဆုံးသူနဲ့ သူ့ကြားမှာ ဘာဆက်ဆံရေးရှိလို့လဲ?
မိန်းကလေးတွေကို ကြုံရာရွေးသတ်နေတာလား?
သူမဟာ ထိုမေးခွန်းများကို နားမလည်နိုင်ဖြစ်နေသည်။ သူမသိရသည့် အမှုအချက်အလက်ကလည်း နည်းနေသောကြောင့် ဒီအမှု၏ပဟေဠိကို သူမမရှင်းတက်ပေ။ လူသတ်သမားက နောက်ထပ်အမှားလုပ်မည်ကိုပဲ သူမစောင့်ရတော့မည်။

နောက်နေ့ကျောင်းတက်သောအခါ ရှုချင်းရီက အတန်း၏အလည်မှာ ထိုင်လိုက်သည်။ သူမဘေးနားက လူများမှာ အရင်ရက်တုန်းက ကျောင်းထဲတွင်ဖြစ်ခဲ့သည့်အမှုအကြောင်းကို တီတိုးပြောကြသည်။

“ငါကြားမိတာကတော့ အသေဆိုးနဲ့ သေသွားတာတဲ့။ လည်လှီးခံရပြီး အဝတ်အစားတွေကလည်း စုတ်ပြတ်သတ်နေရောတဲ့!”
အတန်းဖော်တစ်ယောက်က ပြောသည်။

ရှုချင်းရီက ဘာမှဝင်မပြောဘဲ ပြုံးကာ စာအုပ်တစ်အုပ်ကို ကောက်ဖတ်နေသည်။ အမှန်တရားတွေမှာ ချဲ့ကားပြောဆိုခြင်းမျိုးစုံက ပါဝင်နေသည်။

“အဲ့တစ်ယောက်က အနုပညာမေဂျာက။ သူသေတယ်ကြားလည်းကြားရော သူ့မိဘတွေက အရူးတစ်ပိုင်းဖြစ်သွားရော။ သူတို့က အမှုမှန်မပေါ်သေးသ၍ သူတို့သမီးကို မမြှုပ်သေးဘဲ စောင့်နေကြတာတဲ့”

“ဪ ဒါနဲ့ သူ့ဘဲက တော်တော်ဆိုးဆိုးပဲသလား။ သူ့ကောင်မလေးသေတာ တစ်ပတ်မပြည့်သေးဘူး။ သူကတော့ တခြားကောင်မလေးတွေကို လိုက်နေပြီ! စိတ်ပျက်စရာကြီး!”

“ဟဲ့! ဟဲ့! ဟဲ့! ငါအတင်းတစ်ခုကြားလာခဲ့တယ်! လာနားထောင်ကြ!”

“ဘာလဲ? အကုန်တိတ်တိတ်နေနော်! မြန်မြန်ပြောပြ!”

“နင်တို့သိလား? သေသွားတဲ့တစ်ယောက်ကလေ အပျက်မတဲ့! အရင်ကတည်းက ယောက်ျားတစ်ကာနဲ့ ပတ်အိပ်နေတာတဲ့!”

“တကယ်လား! ငါပြောသားပဲ! သူ့အခန်းဖော်က သူအပြင်မှာအလုပ်လုပ်နေလို့ ညဘက်ပြန်မလာဖြစ်တာများတယ်လို့ အဲ့ဒါကြောင့် ပြောတာကိုး!”
ဘေးနားမှာ နားထောင်နေသည့် ကောင်မလေးတစ်ယောက်က ရယ်ကာပြောသည်။

Previous Chapter 48 of 75 Next