၄၂။ အကြောက်တရား
ရှုချင်းရီက မနေ့က law firmမှာ ကြားခဲ့တဲ့ အတင်းကြောင့် စိတ်လှုပ်ရှားမိသည်။ ထို့ကြောင့် မော့ဟန်ဘက်ကို လှည့်ကာ မေးလိုက်သည်။
“ကိုကြီးမှာ ကောင်မလေးရှိတယ်လို့ ဝန်ထမ်းတွေဆီက ကြားခဲ့တယ်။ ဘာဖြစ်လို့ ညီမလေးက အဲ့ဒီမကြီးနဲ့ မတွေ့ဘူးတာလဲ?”
မော့ဟန်က မျက်မှောင်ကြုံသွားကာ
“ဘယ်သူပြောလိုက်တာလဲ?”
“ဘယ်သူပြောလဲက အရေးကြီးတာမှ မဟုတ်တာ။ ယောင်းမလေးအကြောင်းကို ဘာဖြစ်လို့ မကြားဖူးရတာလဲလို့?”
မော့ဟန်မျက်နှာက အရေးကြီးတာ တစ်ခုခုကို တွေးနေသလိုမျိုး လေးနက်သည့်ပုံစံသို့ ပြောင်းလဲသွားသည်။ ထို့နောက်တွင် တည်ငြိမ်စွာဖြင့် ဆက်ပြောသည်။
“သူ့အကြောင်းက ပြောစရာ သိပ်မရှိပါဘူး။ သူကနိုင်ငံခြားမှာ နေတာ။ ပြီးတော့ နှစ်ယောက်လုံးကလည်း မအားကြလို့”
မော့ဟန်က သူ့ကောင်မလေး ရှန်ယို့အကြောင်းမပြောဖြစ်သည်မှာ လွန်ခဲ့သည့်တစ်လက သူတို့အတွဲမှာ မအားလပ်သည့် သူ့အလုပ်များနှင့် LDRSပြဿနာတက်ထားသောကြောင့် ဖြစ်သည်။ သူတို့အတက်အသွယ်မလုပ်ဖြစ်သည်မှာလည်း ကြာလှပြီ။ ပြီးတော့လည်း သူ့အလုပ်ကကိစ္စတွေနှင့် ရှုချင်းရီပေါ်လာခြင်းတို့ကြောင့် သူမကို တဖြည်းဖြည်းမေ့လျှော့နေပြီ။ ဒါကြောင့် ရှုချင်းရီသတိပေးကာမှ သူ့ကောင်မလေးကို သတိရသွားခြင်း ဖြစ်သည်။
“ဒါပင်မယ့်လည်း မအားရင်တောင်မှ ဖုန်းတစ်ချက်လောက်တော့ ခေါ်ဦးမှပေါ့။ အလုပ်ကိစ္စအပြင် ကိုကြီးတခြားသူကို ခေါ်တာလည်း မမြင်ဖူးဘူး။ အလုပ်ကြောင့်နဲ့တော့ မကြီးကိုပစ်မထားပါနဲ့”
ရှုချင်းရီက စိတ်ရှုပ်စွာပြောသည်။ သူမအကိုတွင် ချစ်သူရှိသည်ဟူ၍ အလုပ်ကဝန်ထမ်းတွေပြောမှ သူမသိရခြင်းဖြစ်သည်။ ဒီလူကြီးက တနေ့တာက အလုပ်ပြီးရင်အလုပ် ဖြစ်နေခဲ့သောကြောင့် သူမမသိခဲ့ခြင်းဖြစ်သည်။
ကားထဲတွင် တိတ်ဆိတ်သွားပြီးနောက် မော့ဟန်က အေးစက်နေသည့်လေသံဖြင့်
“ဒါက ကိုယ်ရေးကိုယ်တာကိစ္စပါ။ မင်းဟာမင်းသာ စိတ်ပူစမ်းပါ”
ရှုချင်းရီက တောင့်သွားသည်။ သူမက မော့ဟန်နှင့်အတူ ရက်အနည်းငယ်လောက် အတူနေခဲ့သောကြောင့် ဒီလူကြီး၏ ရေခဲအလွှာကြီးမှာ သူမအတွက် ပျော်ကျသွားလောက်ပြီဟု သူမထင်ခဲ့ခြင်းဖြစ်သည်။ သူမကိုယ်သူမ ဒီလူကြီး၏ညီမတစ်ယောက်အနေဖြင့် ထိုသူကို ဂရုစိုက်ပေးကာ သူ့အလုပ်သက်သာအောင် ပြောဆို၍ရနေပြီဟုလည်း ထင်ခဲ့သည်။ သို့သော် ဒီအခြေအနေအရ သူမစိတ်ခံစားချက်များမှာ ပျက်စီးသွားရလေပြီ။ သူမစည်းကျော်ကာ ပြောဆိုမိခဲ့ပြီထင်သည်။
“ဟုတ်ကဲ့ နောင်မမေးတော့ပါဘူး”
ရှုချင်းရီက ခပ်တိုးတိုးလေးဖြေသည်။
မော့ဟန်က ထိုအချိန်မှာပင် သူပြောမိသည်ကို သူနောင်တရသွားတော့သည်။ သူကအလုပ်တွင် တစ်ဖက်ရှေ့နေများကို ဆန့်ကျင်ကာ အားအပြည့်ပြောလေ့ရှိသောကြောင့် သူအကျင့်ပါသွားကာ ဒီကောင်မလေးကို ပြောလိုက်သည့် လေသံက ပြင်းသွားခြင်းဖြစ်သည်။ ထို့ကြောင့် သူလေသံကို ပုံမှန်အတိုင်း ပြင်လိုက်ကာ
“တောင်းပန်ပါတယ်. . .ကိုကြီးပြောချင်တာက ကိုယ့်ပြဿနာကိုယ်ရှင်းလိုက်မယ်လို့”
“သိပါတယ်”
မော့ဟန်က ငြိမ်ကျသွားသည့် ရှုချင်းရီကို လှည့်ကြည့်မိသည်။ သူဘယ်လိုရှင်းပြရမယ်မှန်း သူမသိတော့ပေ။ မလုံလောက်သေးသလို ခံစားနေရသည်။ ရှုချင်းရီလို ဘယ်သူကိုမှ မသိဘဲ သူ့ကိုပဲခင်တွယ်နေသည့် ကောင်မလေးတစ်ယောက်က သူ့အပေါ်စိတ်ပူပေးတာ ပုံမှန်ဖြစ်သော်လည်း သူကတော့ ဒီလိုကောင်မလေးကို ရှန်ယို့ကိစ္စကြောင့် စိတ်ညစ်အောင် လုပ်မိသွားသည်။
မော့ဟန်က ထပ်ရှင်းပြဖို့ပြင်လိုက်ပင်မယ့် ရှုချင်းရီက သူမပြောခင်တွင် စကားဖြတ်ကာ
“ကျောင်းကရှေ့နားလေးတင်။ ဒီမှာပဲ ချပေးပါတော့။ လမ်းကူးပြီး သွားလိုက်မယ်”
မော့ဟန်က ကားပြတင်းပေါက်ကနေ ကြည့်လိုက်သည့်အခါ ဒီကောင်မလေး၏ကျောင်းကို ရောက်မှန်းမသိ ရောက်နေပြီဖြစ်သည်။ သူကကားရပ်ပေးလိုက်ကာ ရှုချင်းရီက အိတ်လေးလွယ်ကာ ကားထဲမှထွက်သွားသည်ကို ကြည့်ရင်း
“ဘာစားချင်လဲ? ကိုကြီးအိမ်ပြန်ရင်း ဝယ်လာခဲ့ပေးမယ်”
ရှုချင်ရီမျက်လုံးလေးများက ချက်ချင်းပြန်တောက်ပလာကာ
“အရင်တစ်ခါက ညီမလေးတို့ သွားစားတဲ့ ပဲနီလေးနဲ့ အဆာသွပ်ထားတဲ့မုန့် စားချင်တယ်”
မော့ဟန်က ရယ်ကာ
“ဟုတ်ပြီ။ ဒီညဝယ်လာခဲ့မယ်”
ထို့နောက် ရှုချင်းရီက ကျောင်းထဲသို့ ပျော်ရွှင်စွာ ဝင်သွားသည်။ မော့ဟန်က သူမမြောက်ကြွမြောက်ကြွဝင်သွားပုံလေးကို ကြည့်ရင်း ရယ်ချင်နေသည်။
‘ဒီကောင်မလေးက ချော့ရလွယ်သားပဲ။ ပဲနီအဆာသွပ်မုန့်လေးနဲ့တင် ဒီကောင်မလေးကို သကြားလုံးရတဲ့ကလေးလို ဖြစ်အောင်လုပ်နိုင်တာပဲ’
ရှုချင်းရီက ကျောင်းထဲကို ဝင်လာသော်လည်း အတန်းဖော်တစ်ယောက်ကိုမျှ သူမမသိပေ။ အကုန်လုံးက သူမအတွက် သူစိမ်းတွေ ဖြစ်နေသည်။ ရှုချင်းရီက သူတို့နဲ့ ရင်းနှီးအောင် သွားလုပ်ချင်စိတ်လည်း သူမမရှိပေ။ သူမက မော့ဟန်ကို စိတ်မပူစေချင်လို့သာ ကျောင်းလာတက်နေရခြင်းဖြစ်သည်။ သူမစိတ်မဝင်စားသည့်အရာများကို သူမကအေးစက်စွာ ဆက်ဆံလေ့ရှိသည်။ သူမက ဘယ်တော့မှ စကားစပြောမည့်လူမဟုတ်ပေ။ တခြားသူများက စခေါ်မှာပဲကို စောင့်နေမည့်သူမျိုးဖြစ်သည်။
သူမက နောက်ဆုံးတန်းတွင်ပဲ အမြဲထိုင်လေ့ရှိသည်။ သူမက သင်သမျှကို စိတ်ဝင်စားချင်ယောင်ဆောင်ကာ ထိုင်နေသော်လည်း စိတ်ကတော့ ပျံလွင့်နေသည်။ အတန်းထဲမှ ကျောင်းသားတွေမှာလည်း လူသစ်ရောက်နေသည်ကို မသိသည့်အထိပင် သူမကတိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။
ရှုချင်းရီက တနေ့တာလုံးကို ဒီလိုပဲ ဖြတ်သန်းခဲ့သည်။ သူမ၏ညနေပိုင်း အတန်းချိန်များအထိ တက်ပြီးသွားသည့်အခါ ည၈နာရီခွဲသွားလေပြီ။ ထို့ကြောင့် ပစ္စည်းများကိုသိမ်းကာ မော့ဟန်ဝယ်လာမည့်မုန့်စားရန် အိမ်သို့ပြန်သည်။
အပြင်ဖက်တွင် မှောင်ပိန်းနေပြီဖြစ်သည်။ လမ်းမီးမှိန်မှိန်လေးတွေက ကွန်ရက်သဖွယ် လမ်းပေါ်သို့ ဖြာကျနေသည်။ သူမက ကျောင်းဝန်းကို မရင်းနှီးသေးသောကြောင့် အဆောင်တွေကြားကလမ်းတွင် မျက်စိလည်နေတော့သည်။ သူမခေါင်းမော့ကာကြည့်လိုက်တော့ သစ်ပင်များ၏ အရွက်များက လမ်းကိုအုပ်မိုးနေသဖြင့် အလင်းရောင် ပြောက်ကြားလေးကိုပဲ မြင်ရပြီး သူမဘေးပတ်ဝန်းကျင်က မှောင်ပိန်းနေသည်။ လေကလည်းငြိမ်နေသောကြောင့် လုံးဝကို တိတ်ဆိတ်နေသည်။
အလွန်တိတ်ဆိတ်နေသောကြောင့် သူမကကြောက်လာကာ နောက်ကြောင်းကို ပြန်လှည့်သွားဖို့ လုပ်စဉ်တွင် အသံတိုးတိုးတစ်သံကို ကြားလိုက်ရသည်။ ထိုအသံမှာ တိတ်ဆိတ်နေသည့်နေရာမှ ထွက်ပေါ်လာသည့် သစ်ရွက်များကို နင်းသွားသည့် ခြေသံပင်ဖြစ်သည်။ သူမက ခြေထောက်ကိုဖွလျှောက်ကာ အလင်းရှိရာနေရာသို့ ခပ်သုတ်သုတ်လျှောက်လိုက်သော်လည်း ခလုတ်တိုက်မိကာ မြေကြီးပေါ်သို့ ပစ်လဲကြသွားသည်။