၄၃။ လူသတ်သမား
သူမလဲကျသွားသည့်အခါ ဘာမှန်းမသိသည့် အရည်များကို စမ်းမိသွားသည်။ သူမလက်များက ကပ်စီးသွားသည်။ ထို့နောက် သူမက နာသွားသည့် ခြေချင်းဝတ်လေးကို ပွတ်ရင်း ခလုတ်တိုက်မိသည့်အရာကို မျက်မှောင်ကြုံကာ သေချာကြည့်လိုက်သည်။ ထိုအရာမှာ ကျောက်တုံးလောက်ကြီးပင်မယ့် ကျောက်တုံးလို မာမနေပေ။ သူမအနားတွင်မှောင်နေသောကြောင့် သေချာမမြင်ရပေ။ သူမမတ်တပ်ရပ်ကာ အလင်းကွယ်နေသည့် သစ်ရွက်များကို လှမ်းချိုးချကာ ဖယ်ပြီးအောက်ကိုကြည့်လိုက်သည်။
ကြောက်လန့်သွားကာ သူမခြေလှမ်းများကို နောက်ကိုဆုတ်မိသွားသည်။
ထိုအရာမှာ အလောင်းတစ်ခုဖြစ်သည်။ တိတိကျကျပြောရရင် အမျိုးသမီးတစ်ယောက် သေဆုံးနေခြင်း ဖြစ်သည်။
ထိုအမျိုးသမီး၏ဂါဝန်အဖြူမှာ ဆွဲဖြဲခံထားရပြီး ရင်ဘတ်ပေါ်သည့်အထိ ပင့်တင်ထားခြင်းလည်း ခံရသည်။ ထိုအမျိုးသမီး၏ အောက်ပိုင်းတစ်ခုလုံးမှာ လုံးဝကို ပျက်စီးနေသည်။ သွေးများက နေရာတိုင်းတွင်ရှိနေပြီး သွေးနံ့မှာ လှိုင်လှိုင်ထနေသည်။ ရှုချင်းရီက ကြောင်ကြည့်နေပြီးမှ သူမလက်နှစ်ဖက်နှင့် လက်ကောက်ဝတ်တွင်လည်း သွေးများပေနေသည်ကို သတိထားမိသွားသည်။
ရှုချင်းရီက သူမတည်ငြိမ်မှ ဖြစ်မည်ကို သိပါသည်။ ထိုအမျိုးသမီးမှာလည်း အသက်ရှင်နေသေးနိုင်သည်။ သူမကအိတ်ထဲမှဖုန်းကိုထုတ်ကာ 120နှင့် 110ကို ဆက်ကာ အကြောင်းကြားလိုက်သည်။ ထို့နောက် သူမအလင်းရောင်ရသည့်နေရာသို့သွားကာ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ချလိုက်သည်။ သူမက ထိုအမျိုးသမီးကို မကြည့်ရဲတော့ပေ။ ဘာဖြစ်ခဲ့သလဲဆိုသည်ကို သေချာစဉ်းစားရင်း သူမအတွေးများကို မနည်းတည်ငြိမ်အောင် ထားလိုက်ရသည်။
ရဲတစ်တွေက အရင်ရောက်လာသည်။ ရဲဝတ်စုံဝတ်ထားသည့်ရဲများက လက်နှစ်ဖက်တွင်သွေးများပေနေသည့် ရှုချင်းရီဆီသို့ လျှောက်လာကာ မေးကြသည်။ ရဲတစ်ယောက်က သူ့တံဆိပ်ကိုပြကာ
“ကျွန်တော်က ရဲပါ။ ကျန်းယန်လို့ခေါ်ပါတယ်။ ဒီအမှုကို တိုင်ကြားတဲ့သူဟုတ်ပါသလား?”
ရှုချင်းရီက မတ်တပ်ရပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ သူမက ခုနကမြင်ကွင်းကြောင့် ကြောက်သွားကာမောနေသေးသည်။
“ဖြစ်စဉ်တစ်ခုလုံးကို ပြောပြနိုင်မလားခင်ဗျ”
ရဲက ဦးထုတ်ကိုချွတ်ကာ မှတ်စုစာအုပ်ကို ထုတ်လိုက်ပြီး သူမပြောသမျှကို လိုက်မှတ်ရန်ပြင်တော့သည်။
ရှုချင်းရီက အခင်းနေရာကို ကြည့်လိုက်သည်။ ထိုနေရာတွင် မှုခင်းဓာတ်ပုံရိုက်သူများနှင့် သက်သေနှင့်သဲလွန်စရှာသူများဖြင့် ပြည့်နှက်နေသည်။ ထိုအခါသူမက
“သေသွားပြီလား?”
ကျန်းယန်က သူမကို ထူးဆန်းစွာကြည့်ကာ
“အသက်ရှင်နိုင်မယ့် လက္ခဏာရှိလို့လား?”
သူကဆက်ပြီး
“စမြင်တုန်းက ဘယ်လိုအခြေအနေမှာ ရှိပါသလဲ?”
“မျက်နှာက ဖြူဖပ်နေတယ်။ ဂါဝန်က ရင်ခေါင်းအထိပင့်တင်ထားခံရပြီးတော့ အတွင်းခံကလည်း ဒူးခေါင်းအထိ ဆွဲချွတ်ခံထားရတယ်။ လက်တွေကလည်း ရုန်းကန်ထားလို့ရတဲ့ ဒဏ်ရာမျိုးတွေနဲ့။ လက်ပြန်ကြိုးတုပ်ခံရတာနဲ့တူတယ်။ သေချာမမြင်ရပင်မယ့်လည်း တစ်ကိုယ်လုံးမှာ တခြားဒဏ်ရာတွေ ရှိနေသေးတယ်။ အနီရောင်ဖိနပ်တစ်ဖက်တည်းစီးထားတယ်။ ကိုယ်အပေါ်ပိုင်းကထွက်တဲ့သွေးတွေက မြေကြီးမှာအများကြီးပဲ။ အင်း . . . ကျွန်မမှတ်မိသလောက်ကတော့ အဲ့ဒါအကုန်ပဲ”
ရှုချင်းရီက သူမမြင်ခဲ့သမျှကို အကောင်းဆုံးကြိုးစားပြီး ပြန်တွေးကာ ဖြေသည်။
ကျန်းယန်က ရှုချင်းရီ၏ အဖြေကို ကြားသည့်အခါ သူမကိုထူးဆန်းစွာ စိုက်ကြည့်နေမိသည်။ လူအများစုက ဒီလိုအခြေအနေကို မြင်ရင် ကြောက်လန့်ငိုယိုပြီး အိမ်ကိုပဲ ပြန်ပို့ခိုင်းကြမည် ဖြစ်သည်။ သို့သော် ဒီလိုနုနယ်လှသည့် ကျောင်းသူမလေးမှာ အမှုမြင်ကွင်းကို တည်တည်ငြိမ်ငြိမ်ဖြင့် အတိအကျရှုင်းပြနေသေးသည်။ ထို့ကြောင့် သူ့၏သံသယများမှာ ကြီးထွားလာတော့သည်။
“မင်းဘယ်သူလဲ?”
ကျန်းယန်က လေသံမာမာဖြင့် မေးလိုက်သည်။
ရှုချင်းရီက မျက်တောင်တဖြတ်ဖြတ်ခတ်မိကာ အိုးတိုးအန်းတန်းရယ်ပြလိုက်ပြီး
“ရှုချင်းရီလို့ ခေါ်ပါတယ်”
“သေဆုံးသူနဲ့ ဘယ်လိုပတ်သတ်လဲ?”
“ဘာမှမပတ်သတ်ပါဘူး။ ကျွန်မက ဖြတ်သွားရင်းက မတော်တဆတွေ့တာပါ”