၅၂။ သူမခါးလေးပေါ်က လက်တွေ
“ပစ္စည်းသိမ်းလို့ မပြီးသေးဘူးလား? နောက်ကျတော့မယ်!”
နောက်တနေ့မနက်တွင် မော့ဟန်က နေဗီပြာရောင်ဝတ်စုံဖြင့် နာရီကိုကြည့်ရင်း အထဲတွင် ပစ္စည်းသိမ်းနေသည့် ရှုချင်းရီကို လောနေရသည်။
“ပြီးတော့မယ်။ အခုထွက်လာခဲ့တော့မှာ!”
ရှုချင်းရီက လက်ထဲတွင်တစ်ခုကိုကိုင်ကာ ဆိုဖာပေါ်က သူမပစ္စည်းများကို သိမ်းရင်း ထိုနေရာတွင်ထားခဲ့သည့် စာအုပ်ကိုရှာနေသည်။
“ကိုကြီး ညီမလေးရဲ့ စာအုပ်တွေ့မိသေးလား?”
ရှုချင်းရီက ဘယ်မှာမှ ရှာမတွေ့တော့သည့်အခါ မေးသည်။
“မနေ့က စားပွဲပေါ်ကို တင်ထားပေးတယ်။ မတွေ့ဘူးလား?”
ရှုချင်းရီက စားပွဲပေါ်က စာအုပ်ကိုယူကာ တံခါးဝဆီ အမြန်လာသည်။ သူမက ဖိနပ်ကို ကပျာကသီလဲကာ လွယ်အိတ်ကိုလွယ်ပြီးနောက် တံခါးပိတ်ကာ မော့ဟန်ဆီပြေးသွားသည်။
“စောစောသာထရင် ဒီလိုပျာယာခတ်နေစရာမလိုဘူး”
မော့ဟန်က ပြောသည်။
“ထချင်ရင်တောင် ထလို့မှမရတာကို”
ရှုချင်းရီက ရေရွတ်သည်။ သူမက မော့ဟန်ဘေးနားရောက်သည့်အခါ သူမသယ်လာသည့် စာအုပ်က ပြုတ်ကျသွားသည်။ ထို့နောက် သူမက သက်ပြင်းချကာ ကုန်းကောက်လိုက်သည်။
ရှုချင်းရီကုန်းကောက်လိုက်သောအခါ မော့ဟန်အကြည့်များက သူမ၏ပေါ်နေသည့်ခါးပေါ်ကို မတော်တဆရောက်သွားသည်။ သူကအစက မျက်နှာလွဲဖို့ပြင်လိုက်ပင်မယ့် ထူးဆန်းတာတစ်ခုကို သူတွေ့လိုက်သည်။
ရှုချင်းရီက သူမစာအုပ်ကောက်ပြီး ခါးပြန်မတ်လိုက်သောအခါ သူမနောက်တွင် တစ်စုံတစ်ယောက်ရှိနေသည်ကို ခံစားမိလိုက်သည်။ ထို့နောက် သူမခါးကို အကိုင်ခံလိုက်ရပြီး လက်ချောင်းတွေက သူမအသားအရည်ပေါ်ကို ထိတွေ့နေသည်။ သူမပုခုံးပေါ်ကနေ နောက်ကိုလှည့်ကြည့်လိုက်သောအခါ မော့ဟန်က သူမခါးကို ကြည့်နေပုံရသည်။
“ဘာဖြစ်လို့လဲ?”
ရှုချင်းရီက သူဘာလုပ်နေသလဲဆိုသည်ကို နားမလည်နိုင်ပေ။
“ဒီခါးကဟာကဘာလဲ?”
မော့ဟန်က အေးစက်စွာ မေးလိုက်သည်။
ရှုချင်းရီက သူမအဝတ်ကိုမကာ နောက်ကိုကြည့်လိုက်သော်လည်း ဘာမှမမြင်ရပေ။
“ဘာလဲ? အမာရွတ်လား?”
မော့ဟန်က ရှုချင်းရီခါးကို ကိုင်ထားသည့် လက်ကိုဖယ်လိုက်ကာ
“တက်တူးလိုမျိုးပဲ”
ရှုချင်းရီက မျက်မှောင်ကျုံကာ လည်ပြန်ကြည့်နေဆဲပင်
“ယောက်ျားတစ်ယောက်ရဲ့ နောက်ကျောပုံပဲ။ ပြီးတော့ C&Lလို့လည်း ပါသေးတယ်”
ရှုချင်းရီက ထိုစကားနှစ်လုံးကို ကြားသည့်အခါ အေးခဲသွားပြီး သူမစိတ်ထဲတွင် မြင်ကွင်းတစ်ချို့ပေါ်လာသည်။
ယောက်ျားတစ်ယောက်က သူမအနောက်တွင်ရပ်နေကာ သူမခါးကိုသူ့လက်များဖြင့် ထိတွေ့နေသည်။
ရှုချင်းရီက ထိုစကားနှစ်လုံးကိုကြားသောအခါ သူမရင်တဒိန်းဒိန်းခုန်နေသည်ကိုလည်း ခံစားမိသည်။ ထိုအချိန်တွင် သူမဆေးရုံမှာ ဖြစ်ခဲ့သလိုမျိုး နက်ရှိုင်းသည့် ပင်လယ်ကြီးထဲသို့ ကျဆင်းသွားသလိုမျိုး ခံစားလိုက်ရသည်။
ဒါကအရေးပါသည့်မှတ်ညဏ်ဖြစ်ရမည်။ မဟုတ်လျှင် သူမကိုယ်က ထိုကဲ့သို့ တုန့်ပြန်မည် မဟုတ်ပေ။
ရှုချင်းရီက အတွေးများကြားတွင် ပျံ့လွင့်နေသည်ကို မြင်သောအခါ မော့ဟန်က မေးလိုက်သည်။
“တစ်ခုခုမှတ်မိတာလား?”
ရှုချင်းရီက သူ့ကိုမော့ကြည့်ကာ ခေါင်းညိမ့်ပြသည်။ ထို့နောက် ခေါင်းခါကာ အသံတိုးတိုးလေးဖြင့်
“အများကြီးမဟုတ်ဘူး”
မော့ဟန်က နာရီကို ထပ်ကြည့်ကာ
“ဒါဆိုရင်သွားရအောင်။ မဟုတ်ရင် တကယ်နောက်ကျလိမ့်မယ်”
ရှုချင်းရီက ကားထဲတွင် ပြတင်းပေါက်ကိုမှီကာ သူမစိတ်ထဲတွင်ပေါ်လာသည့် မှတ်ညဏ်ကို တွေးနေသည်။ သူမအတိတ်မေ့သွားသည့်အချိန်တည်းက အခုအချိန်အထိ သူမအတိတ်ကို သူမပြန်မှတ်မိသည်မှာ ဒါကပထမဆုံးအကြိမ်ဖြစ်သည်။ ထိုအရာက သူမက ပိုသိချင်စေသည်။ မော့ဟန်ဆီတွင် သူမသက်သောင့်သက်သာနေရတာကြာလာသောအခါ မော့ဟန်ကိုသူမအကိုဟု မှတ်ထင်နေမိပြီဖြစ်သည်။ သူမက ဆေးရုံတွင် အတိတ်မေ့နေကာ စွန့်ပစ်ခံထားရသည့်သူဆိုသည်ကိုတောင် သူမမေ့နေခဲ့မိသည်။
အရင်တုန်းက သူမကဘယ်လိုလူလဲ? သူမသိချင်နေပြီ။ သူမမိသားစုတွေကိုရော သူမသိချင်သည်။ သူမသူငယ်ချင်းတွေကရော ဘယ်လိုလူတွေ ဖြစ်မလဲ။ ဘယ်လိုပတ်ဝန်းကျင်မျိုးတွင် သူမကြီးပျင်းလာရသလဲဆိုသည်ကိုလည်း သူမသိချင်သည်။ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်လာရသလဲဆိုသည်ကိုလည်း သူမသိချင်သည်။
သူမအကြောင်းတိုင်းကို သူမသိချင်နေပြီ။
ပြီးတော့ ဘာအတိတ်အကြောင်းအရာမှ မသိသည့် အရေးမပါသည့် ကောင်မလေးမဟုတ်တော့ကြောင်းကိုလည်း သူမသိချင်နေပြီ။