၃။ ကျွန်မကိုသိလား?
Annaက ခေါင်းခါတယ်။
“ကျွန်မလည်း မသိဘူး။ ဆေးရုံဝတ်စုံ ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်ပဲ။ မျက်နှာက ကြောက်နေလို့ ဖြူဖပ်နေတာ ဖြစ်မယ်ထင်တယ်။ သူမေးတာက ရှေ့နေကြီးက ဒီမှာအလုပ်လုပ်တာလားတဲ့။ ကျွန်မက ဟုတ်တယ်လို့ ဖြေလိုက်တယ်။ ပြီးတော့ ထိုင်ချပြီး စောင့်နေတော့တာပါပဲ”
မော့ဟန်က မျက်ခုံးကျုံလိုက်မိပင်မယ့်ဘာမှတော့ ပြန်မပြောဘူး။
“အရင်အမှုတွေတုန်းက သိခဲ့တဲ့သူများလား? ဒါမှမဟုတ် အမှုလိုက်ပေးစေချင်တဲ့သူများလား? သနားစရာလေး”
“ဘာထပ်ပြောသေးလဲ?”
“ဘာမှမပြောဘူး။ အဲ့ဒီထောင့်လေးမှာ ခေါင်းလေးငုံပြီး ရပ်စောင့်နေတာပဲ။ ကျွန်မ သူ့ကိုသနားလို့ ဧည့်ခန်းမှာ ထိုင်ခိုင်းထားတာ။ တစ်ခုခုသောက်ဦးမလားမေးပင်မယ့် ဘာတစ်ခွန်းမှ ပြန်မပြောဘူး။
မော့ဟန်က သူ့အိတ်ကို ချလိုက်တယ်။ သူ့ကိုဘယ်သူလာရှာတာလဲဆိုတာ သဲလွန်စရှာမရတော့တာကြောင့် ဧည့်ခန်းထဲ ဝင်လိုက်တယ်။
“ငါအထဲဝင်လိုက်မယ်။ မင်းတို့အပြင်ကစောင့်နေ”
တံခါးဖွင့်လိုက်တဲ့အခါ သူမြင်လိုက်ရတာက သူမရဲ့ နောက်ကျောပဲ။ Annaပြောသလို ဆံပင်အတိုလေးနဲ့ ပိန်ပိန်ပါးပါးလေးပဲ။ ဆေးရုံဝတ်စုံဝတ်ထားပြီးတော့ ခေါင်းလေးငုံကာ ထိုင်ခုံမှာထိုင်နေတယ်။
“ငါ့ကို ရှာနေတာလား?”
မော့ဟန်က မေးလိုက်တယ်။
သူ့ရှေ့က ကောင်မလေးက သူ့အသံကြားတော့ ထရပ်ကာ မော့ကြည့်တယ်။
အဲ့ဒီတော့မှ မော့ဟန်က သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရတော့တယ်။ သူမဆံပင်တိုတွေက နည်းနည်းရှုပ်ပွနေတယ်။ သူမမှာ ဖြူဖျော့နေတဲ့ မျက်နှာလေးနဲ့ လှပတဲ့မျက်ဝန်းတစ်စုံ ရှိတယ်။ ဆေးရုံဝတ်စုံဝတ်ထားတာကြောင့် နေမကောင်းတဲ့ပုံလေးနဲ့ ညှိုးနွှမ်းနေကာ ဖြူဖျော့နေတာ ဖြစ်နိုင်တယ်။ သူမက အသက်မရှိတဲ့ ရုပ်သေးရုပ်လှလှလေးလိုပဲ။
ကောင်မလေးရဲ့မျက်လုံးတွေက သူ့ကိုယ်ပေါ်မှာ တစ်ခုခုရှာနေသလိုမျိုး ပြေးလွှားနေပြီးမှ မေးတယ်။
“ကျွန်မကို သိလား?”
မော့ဟန်က အဖြစ်အပျက်တွေက ထူးဆန်းနေတော့ မျက်မှောင်ကျုံမိတယ်။ တချို့လူတွေက သူ့ကိုဒီလိုလွန်အောင်ကြည့်ကြပါတယ်။ ဒါပင်မယ့် အမှုရင်ဆိုင်နေတဲ့ တရားရုံးထဲမှာဆိုရင်တောင် အခုလိုမျိုးမထူးဆန်းနေဘူး။
“တောင်းပန်ပါတယ် မိန်းကလေး။ ငါမင်းကို မသိဘူး။ မင်းကရော ငါရုံးခန်းထဲမှာ ဘာလို့ရှိနေရတာလဲ?”
သူပေါ့ပေါ့ပါးပါးပဲ မေးလိုက်တယ်။
ကောင်မလေးက သူ့ကိုမျှော်လင့်မှုအပြည့်မျက်ဝန်းလေးတွေနဲ့ ကြည့်ကာ
“မှတ်မိဖို့ ကြိုးစားကြည့်ပါလားဟင်? ကျွန်မအတွက် အရမ်းအရေးကြီးလို့ပါ”
မော့ဟန်က ခေါင်းခါရင်း ရယ်မိတယ်။
“ငါ့မှတ်ညဏ်က မဆိုးပါဘူး။ မဟုတ်ရင် ငါ့ဟာငါထပ်မေးနေရမှာပေါ့”
ကောင်မလေးက ဒါကိုကြားတော့ စိတ်ညစ်သွားတယ်။ သူမက မော့ဟန်ရှေ့ကို လျှောက်သွားပြီး အိတ်ထဲက စာရွက်တစ်ရွက်ထုတ်ပြကာ မော့ဟန်ကို ကြည့်ပြီး
“အဲ့ဒါဆို . . . ဒါကရော ဘာလဲ?”
သူမက သူ့ပုခုံလောက်ပဲရှိတဲ့အထိ လူကောင်သေးပင်မယ့် အမှုအယာကတော့ ပြင်းထန်တယ်။ မော့ဟန်က သူမဆီက စာရွက်ကို ယူလိုက်ပြီး အမြန်ကြည့်လိုက်တယ်။ အဲ့ဒါက လွန်ခဲ့တဲ့ ၁လတုန်းက ဆေးရုံကစာရွက်မှန်း သူသိလိုက်တယ်။ စာရွက်ထောင့်မှာ “မော့ဟန်နှင့် လုပ်ဖော်ကိုင်ဖက်များ”လို့ ရေးထားတယ်။
စာရွက်ကို ကြည့်ပြီးတာတောင် သူ့ရှေ့က ကောင်မလေးနဲ့သူ ငွေရေးကြေးရေးအရ ဘယ်လိုပတ်သတ်နေမှန်း သူမသိဘူး။ သူလုံးဝစိတ်ရှုပ်နေတုန်းမှာပဲ လျူဇီယွမ်က သတိကြီးစွာနဲ့ ဝင်လာတယ်။
“ရှေ့နေကြီး သူဘယ်သူလဲဆိုတာ ကျွန်တော်သိပြီ”
“ဘာတွေဖြစ်နေတာလဲ?”
မော့ဟန်က ဆေးရုံကစာရွက်ကို ကိုင်ထားရင်း စိတ်ညစ်တဲ့လေသံနဲ့ မေးတယ်။
“မေ့သွားပြီလား? သေတမ်းစာကိစ္စ လုပ်ခိုင်းတဲ့ အဖိုးကြီးဆေးရုံကို သွားတဲ့နောက်ဆုံးအခေါက်တုန်းက ဆေးရုံအပေါက်ဝမှာ လူတွေမဖယ်ဘဲ အုံနေကြတယ်။ အထဲကို ကားမောင်းမရတော့ ရှေ့နေကြီးတာင် ကျွန်တော့်ကိုသွားကြည့်ခိုင်းသေးတယ်လေ။ အဲ့ဒီတုန်းက သွေးအိုင်ထဲလဲနေတဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်တော်တွေ့ခဲ့တယ်။ ကုစရာပိုက်ဆံမရှိကတည်းက ဘယ်သူမှသူ့ကို ဂရုမစိုက်ကြဘူး။ ရှေ့နေကြီးက အဖိုးကြီး သေတမ်းစာမှာ လက်မှတ်မထိုးရသေးခင် သေသွားမှာစိုးလို့ အဲ့ဒီကောင်မလေးကို ခွဲစိတ်ခန်းထဲအမြန်ပို့ဖို့ ပိုက်ဆံထုတ်ပေးခဲ့သေးတယ်လေ။ စာရွက်စာတမ်းကိစ္စတွေအကုန် ကျွန်တော်ပဲလုပ်ခဲ့ရတာ”
လျူဇီယွမ်က သူ့အရှေ့က ကောင်မလေးကို တစ်ချက်ငဲ့ကြည့်ကာ
“ကြမ်းပြင်ပေါ်မှာလဲနေတာ ဒီကောင်မလေးလေ”
“ဒါပင်မယ့် ငါ့နာမည်ကိုရေးဖို့ ငါမင်းကိုမပြောခဲ့ပါဘူး”
မော့ဟန်လေသံက အေးစက်နေတယ်။
ဇီယွမ်က နည်းနည်းမှားသွားသလို ခံစားလိုက်ရတယ်။
“ကျွန်တော့်မှာလည်း ရွေးချယ်စရာ မရှိလို့ပါ။ သူ့ကိုပို့တုန်းက ခွဲစိတ်မှု အကျိုးဆက်တွေကို တာဝန်ယူမယ့် ဆွေမျိုးမှ အနားမှာမရှိတာ။ နာစ်မက ကျွန်တော့နာမည်ကိုမေးတော့ ရှေ့နေကြီးနာမည်ကို ပါးစပ်နေလွှတ်ခနဲ ပြောမိသွားတယ်။ ရှေ့နေကြီးနာမည်ကိုသုံးတာက ငါတို့ law firmအတွက်လည်း ကောင်းတယ်လေ”
သူတို့ဘေးမှာ ကောင်မလေးက ငြိမ်ငြိမ်လေး ထိုင်နေတုန်းပဲ။ သူတို့ပြောသမျှကို ငြိမ်သက်စွာ နားထောင်နေခဲ့တယ်။