May Honey Logo May Honey
Previous Next

၅၃။ ချစ်သူ

“တက်တူးအကြောင်းကို တွေးနေတုန်းလား?”

ရှုချင်းရီက ခေါင်းငြိမ့်ပြသည်။

“ဘာမှန်းမသိရင် ဆက်စဉ်းစားမနေနဲ့တော့”

“နောက်ကို ညီမလေး မမြင်ရဘူး။ ဓာတ်ပုံရိုက်ပေးပါလား ကြည့်ချင်လို့”

မော့ဟန်က လမ်းဆုံတွင် ကားကိုသေချာကွေ့ပြီးမှ ဘာခံစားချက်မှ မရှိသည့်လေသံဖြင့်
“အင်း”

ရှုချင်းရီက အတန်းတက်နေသောအခါ ကျန်းယန်က သူမကို ဖုန်းခေါ်ပြန်သည်။ ထိုအချိန်တွင် သင်နေသည့်ဆရာမမှာ စည်းကမ်းကြပ်သော ဆရာမဖြစ်သည်။ ကံကောင်းသည်က သူမဖုန်းကို အသံပိတ်ထား၍ ဖြစ်သည်။ ထို့နောက် သူမက ပစ္စည်းကျသွား၍ ကောက်သည့်ပုံမျိုးဖြင့် ကုန်းလိုက်ကာ ဖုန်းကိုဖွင့်ပြီး စာပို့လိုက်သည်။
“ကျွန်မအတန်းထဲမှာ!”

ကျန်းယန်က ချက်ချင်း စာပြန်ပို့သည်။
“ငါ့မှာ သတင်းကောင်းပြောစရာရှိတယ်။ လူသတ်သမားကို ဖမ်းမိပြီ”

“အင်း”

“တည်ငြိမ်လှပါလား! ငါတို့ဘယ်လိုမိလဲမသိချင်ဘူးလား?”

“ဘယ်လိုမိတာလဲ?”

“ဆရာမသေသွားတဲ့ အခင်းနားမှာ မနေ့ညက ဖမ်းမိတာ။ ဟိုတခါက မင်းပြောတာတွေကို ငါ့ဆရာကို ပြန်ပြောပြလိုက်တယ်။ ဆရာက မယုံပင်မယ့် သံသယမကင်းစရာပဲလို့ ပြောတယ်။ အဲ့ဒါကြောင့် အခင်းနေရာမှာ အဖော်တချို့နဲ့ ညတိုင်းနီးပါး သွားစောင့်ကြည့်နေတာ။ မနေ့ညက အဲ့ဒီနေရာမှာ ရပ်နေတဲ့သူတစ်ယောက်တွေ့တယ်။ ငါလည်း ထူးဆန်းတယ်ထင်တာနဲ့ သွားဖမ်းလိုက်တာ”

“ရုန်းသေးလား?”

“မရုန်းဘူး။ ငါလည်းထူးဆန်းတယ် ထင်တာပဲ။ ငါတို့ဖမ်းတုန်းက သူကအတော်တည်ငြိမ်နေတာ”

“အခုဘယ်မှာလဲ?”

“ရဲစခန်းမှာ။ စစ်မေးနေတယ်”

ရှုချင်းရီက ကျန်းယန်ပို့သည့်စာကိုကြည့်ပြီး သူမပြန်စာမပို့ခင် ကီးဘုတ်ပေါ်က သူမလက်မှာ ရပ်တန့်သွားသည်။

“သူက ဘာမှမဖြေဘဲ နေပင်မယ့် စိတ်ထဲကနေ လှောင်ရယ်နေလောက်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ သက်သေမရှိလို့ ပြန်လွှတ်မယ့်အချိန်ကို စောင့်နေတာ”

ကျန်းယန်က ရှုချင်းရီပို့သည့်စာကို ဖတ်ကြည့်ပြီးသည့်အခါ သူရင်လေးသွားသည်။ စစ်မေးသည့်အခန်းထောင့်ကို သူသွားလိုက်သည်။ သူကအထဲကို ဝင်မရသောကြောင့် ဘာဖြစ်နေသလဲဆိုသည်ကို သူမသိရပေ။

ရှုချင်းရီပြောသည်ကို သူနားလည်ပါသည်။ လူသတ်သမားက တကယ်ကို လျှင်လွန်းသည်။ သူကလူသတ်တိုင်း လက်အိတ်ဝတ်သည်။ မုဒိန်းကျင့်ခဲ့တာတောင်မှ ထိုမိန်းကလေးများ၏ ခန္ဓာကိုယ်ထဲတွင် သူ့၏သုတ်ပိုးများ မထားခဲ့ပေ။ သူတို့ရှာတွေ့သည်ဆို၍ ကွန်ဒုံးအတွက် ချောဆီများသာဖြစ်သည်။ ပြီးတော့ ထိုအရာမှ DNAသုံးခုလုံးကို တူညီသည်ဟူ၍ ဖော်ထုတ်ဖို့ဆိုရင် အချိန်ကြာဦးမည် ဖြစ်သည်။ ထို့ကြောင့် သူတို့တွင်သက်သေ တိတိကျကျ မရှိသောကြောင့် ပြန်လွှတ်ပေးရမည်ပဲ ဖြစ်သည်။ သူထွက်သွားပြီဆိုသည်နှင့် နောက်တစ်ခေါက်ထပ်၍ ထိန်းသိမ်းရန် မလွယ်ကူတော့ပါ။

ရှုချင်းရီက စာထပ်ပို့လာသည်။
“သူကို အနီရောင်အောက်ခံဝတ်စုံနဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးပုံတွေ ပြကြည့်လိုက်။ ပြီးတော့ သူ့ကိုရန်စရင် လိုချင်တဲ့အချက်အလက်တစ်ချို့ရလိမ့်မယ်”

“အလုပ်ဖြစ်ပါ့မလား?”

“စမ်းမကြည့်ဘဲတော့ ဘယ်သိမလဲ။ ကံကောင်းပါစေ”

ထို့နောက် ရှုချင်းရီက စာဆက်မပို့တော့ပေ။

တစ်ခါတစ်လေ တစ်ချို့လူတွေက ထင်ယောင်ထင်မှားတွေကြားမှာ ရှင်သန်နေကြသည်။ ကိုယ်စိတ်ချမ်းသာဖို့အတွက် တစ်ဘဝလုံးကိုယ်လုပ်ခဲ့တာတွေကို မေ့ပစ်နိုင်ကြသည်။ ပြီးသည့်အခါ အနာဂတ်မှာလည်း အမြဲတမ်းအခုလိုပဲဆက်ရှိနေမည်ဟု ခံစားရစေသည်။ ထိုထင်ယောင်ထင်မှားတွေ ပြိုကွဲသွားသည့်နောက်မှာတော့ မေ့ထားသည်များကို မှတ်မိရန် နိုးထလာကြသည်။

မော့ဟန်ဘက်တွင်တော့ ရှန်ယို့ဆီက ဖုန်းဝင်လာခဲ့သည်။ သူတို့နှစ်ယောက် အဆက်အသွယ်မရှိခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သည်။ နောက်ဆုံးတစ်ခေါက် ဖုန်းပြောတုန်းက ပြဿနာတက်ခဲ့ကြသောကြောင့် နှစ်ယောက်ကြားတွင် အချိန်ခနပေးရန် သဘောတူထားခဲ့ကြသည်။ ထိုအရာမှာ တစ်လလောက် ရှိပြီဖြစ်သည်။ သူတွေဝေနေခဲ့သော်လည်း ဖုန်းကဆက်မြည်နေဆဲ ဖြစ်သည်။ ထို့နောက် သူသက်ပြင်းချကာ ဖုန်းကိုင်လိုက်သည်။

Previous Chapter 53 of 75 Next