May Honey Logo May Honey
Previous Next

၅၄။ အိမ်ထောင်တစ်ခု

“ငါသာစမခေါ်ရင် နင့်ဘက်က ဘယ်တော့မှ ငါ့ကိုဖုန်းခေါ်မှာ မဟုတ်ဘူးမလား?”
ရှန်ယို့က အနည်းငယ်ရွဲ့ကာ ပြောသည်။

မော့ဟန်က လက်ထဲက ဘောပင်ကို ချလိုက်သည်။
“မဟုတ်ပါဘူး”

“နင်အလုပ်များနေတာ ငါသိပါတယ်။ ငါကရော အားနေလို့လား! ဒီမှာနေ့တိုင်း သေတော့မတက် အလုပ်လုပ်နေရတာ။ ပြီးတော့ ငါတို့ရန်ဖြစ်ပြီးတိုင်း ငါကပဲ အမြဲတမ်းစခေါ်နေရမှာလား”

“တောင်းပန်ပါတယ်”
မော့ဟန်က ပြောသည်။

သူတောင်းပန်သည်ကို ကြားသောအခါ ရှန်ယို့က ငြိမ်ကျသွားသည်။ ထို့နောက်
“ငါတို့အဆက်အသွယ်မရှိတာ တစ်လလောက်ကြာသွားပြီမလား?”

“အင်း”

သူတို့တွဲနေကြသည်မှာ ၃နှစ်ရှိပြီဖြစ်သည်။ သူမက မော့ဟန်ကို စိတ်ဆိုး၍ ရန်ဖြစ်ခြင်းမဟုတ်သောကြောင့် ရန်ဖြစ်သည်ဟူတောင် ပြောမရပေ။ ဖြစ်ရသည့်အကြောင်းမှာလည်း အမေရိကတွင် သူမကိုင်ထားသည့် အလုပ်အကြောင်းကို မော့ဟန်ကို ပြောပြရာက စတင်ခြင်းဖြစ်သည်။ မော့ဟန်က သူမသုံးသည့်နည်းလမ်းများကို သဘောမတူကာ သူမကိုစိတ်မရှည်ဘူးဟု ပြောခဲ့သည်။ ထိုအချိန်က သူမဘော့စ်က သူမကိုဆူထားသောကြောင့် သူမစိတ်မကြည်ဖြစ်နေခဲ့သည်။ မော့ဟန်ကပါ ထိုကဲ့သို့ပြောလာသည့်အခါ သူမသူနှင့် ရန်ဖြစ်ရခြင်းဖြစ်သည်။

ဒါပင်မယ့် ရှန်ယို့ဒေါသထွက်နေသည့်အချိန်တိုင်း မော့ဟန်က တိတ်ဆိတ်သွားကာ သူမကို ဘာမှပြန်မငြင်းတက်ပေ။ သူတို့တွဲနေသည့်အချိန်ကလည်း ကြာနေပြီဖြစ်သောအခါ သူမရန်ဖြစ်တိုင်း မော့ဟန်က မပြောင်းမလဲ ဆိတ်ဆိတ်နေလေလေ သူမဒေါသပိုထွက်လာလေဖြစ်သည်။ ထို့ကြောင့် သူမဒေါသထွက်လွန်းသောကြောင့် စိတ်ပြန်ငြိမ်ရန် အချိန်ယူကြဖို့ သူမပြောခဲ့ခြင်း ဖြစ်သည်။

“မော့ဟန် ငါတို့ပြေငြိမ်းကြရအောင်”

“အင်း”

“ငါနင့်ကိုလွမ်းတယ်”

ရှန်ယို့က ညင်သာစွာ
“မော့ဟန် နင်အမေရိကကို မလာချင်ဘူးလား?”

“ငါတို့အဲ့ဒီအကြောင်းကို ပြောပြီးသားမလား။ ငါအမေရိကမှာ အလုပ်မလုပ်ချင်ဘူး”

“ဘာဖြစ်လို့မလုပ်ချင်တာလဲ? ဒီမှာဆိုရင် နင့်အလုပ်တိုးတက်ဖို့ အခွင့်အရေးတွေ အများကြီးရှိတာကို။ ပြီးတော့ နင့်မိဘတွေကလည်း ဒီမှာပဲလေ။ အဲ့ဒီတော့ သူတို့နဲ့တွေ့ဖို့ ပိုတောင်အဆင်ပြေသေးတယ်”

မော့ဟန်က တိတ်ဆိတ်သွားသည်။ သူမနေချင်ရသည့်အကြောင်းကလည်း သူ့မိဘတွေ ရှိနေသောကြောင့်ပင် ဖြစ်သည်။

ရှန်ယို့ကို သူ့မိဘတွေအကြောင်း သူသိပ်မပြောဖြစ်ပေ။ ပြီးတော့လည်း သူကြီးလာတည်းက သူ့မိဘများနှင့်ဆက်ဆံရေးမှာ မရင်းနှီးတော့ပါ။ အလုပ်ကိစ္စအကြောင်းသာ သူတို့ဆွေးနွေးလေ့ရှိပြီး ကိုယ်ပိုင်အချိန်များတွင် တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်ခဲသည်။ သူမသိသည်ဟူ၍ သူ့မိဘတွေက အမေရိကတွင်ရှိနေပြီး သူကဘွဲ့ရပြီးသည်နှင့် သူ့ကိုယ်ပိုင်အလုပ်ကိုသူလုပ်ရန် တရုတ်သို့ပြောင်းရွေ့လာခဲ့သည်ပင် ဖြစ်သည်။

“မင်းဆီကို လာလည်စေချင်တယ်ဆိုရင်တော့ ငါခနတဖြုတ် လာခဲ့ပေးလို့ရတယ်။ အလုပ်လုပ်ဖို့ပြောမယ်ဆိုရင်တော့ မေ့လိုက်တော့”

“ဒါပင်မယ့် ငါတို့လက်ထပ်ပြီးရင် ဒီလိုခွဲနေလို့မှ မရတော့တာ။ အနှေးနဲ့အမြန် နေရာတစ်ခုတော့ရှာရမှာပဲ။ နင့်မိဘတွေကိုလည်း သွားတွေ့ရမှာဆိုတော့ အမေရိကန်မှာ နေဖို့က အကောင်းဆုံးပဲ!”
ရှန်ယို့က သူပြောင်းလာဖို့ကို ဘာဖြစ်လို့ငြင်းနေမှန်း သူနားမလည်နိုင်ပေ။ ဒီမှာ သူ့အတွက် အခွင့်အရေးတွေလည်း ပိုများနေပြီး သူ့ဂုဏ်သတင်းကလည်း ဒီမှာပိုကြီးလာအောင်လုပ်၍ရနေသည်က တရုတ်တွင် အရှင်းကြီးပင် ဖြစ်သည်။

မော့ဟန်က ရှန်ယို့ဆီက လက်ထပ်မည့်အကြောင်းကို ကြားသည့်အခါ အံ့သြသွားသည်။ လက်ထပ်ဖို့က သူ့အတွက်စောသေးသလို ခံစားရကာ အမေရိကတွင် အခြေချဖို့အကြောင်းလည်း သူတစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။
“ရှန်ယို့ နင်ဘာကို အထင်လွဲနေလဲတော့ ငါမသိပင်မယ့် ငါအမေရိကကို ပြန်လာမယ်လို့တော့ တစ်ခါမှ မပြောဖူးဘူး။ ငါ့အလုပ်က ဒီမှာ ပြီးတော့ အချိန်တော်တော်ကြာတဲ့အထိ ဒီကနေပြောင်းဖို့ ငါ့မှာစိတ်ကူးမရှိဘူး”

ထိုအခါ ရှန်ယို့က ဒေါသထွက်သွားသည်။
“ငါတို့တည့်တာကမှ မကြာသေးတာကို ငါနင်နဲ့ထပ်ရန်မဖြစ်ချင်ဘူး။ ဒီပြဿနာကို နောက်မှပြောကြတာပေါ့”

မော့ဟန်က ဘာမှပြန်မပြောပေ။

“ဒါဆိုရင် ငါဖုန်းချလိုက်မယ်။ နောက်မှဆက်ပြောကြတာပေါ့”
ရှန်ယို့က မော့ဟန်တစ်ခုခု ပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ ဖုန်းချသွားသည်။

မော့ဟန်က သူ့ဖုန်းကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ သူ့အခန်းထဲတွင် အနှောင့်အယှက်ဖြစ်သွားသလို ခံစားရသည်။ သူဖုန်းကိုပိတ်လိုက်ကာ ဘေးကိုချလိုက်ပြီးနောက် အလုပ်ဆက်လုပ်တော့သည်။

Previous Chapter 54 of 75 Next