၄၅။ လက်ကသွေးတွေ
“ခင်ဗျားက. . .?”
ကျန်းယန်က မေးလိုက်သည်။
“ရှေ့နေ မော့ဟန်ပါ။ ဒီကောင်မလေးရဲ့ အကို”
သူ့နာမည်က ကျန်းယန်အတွက် တစ်နေရာရာမှာ ကြားဖူးနေသလို ဖြစ်နေသည်။ ရုတ်တရပ်ပဲ သူ့မျက်လုံးတွေလက်သွားကာ
“ခင်ဗျားက ကျန်းအဖိုးကြီးပြောနေကြ ရှေ့နေကြီးမော့ဟန်ဆိုတာလား?”
“အရာရှိကြီးကျန်းနဲ့သိတယ်လား?”
ကျန်းယန်က ခေါင်းကုတ်ကာ ရယ်ရင်း
“အဲ့ဒါ ကျွန်တော့်ဆရာ။ ရဲစခန်းက ကျွန်တော့်အလုပ်တွေကို သူပဲကြီးကြပ်ပေးရတာ”
ထိုအရာရှိကြီးကို မော့ဟန်က အရင်နှစ်တွေတုန်းက အတော်ရှုပ်ထွေးလှသည့် လိမ်လည်မှုတစ်ခုတွင် ကူညီကာ ဖြေရှင်းပေးဖူးခဲ့သည်။ ထို့ကြောင့် ထိုအရာရှိက သူ့ကိုကျေးဇူးတင်နေခဲ့ခြင်းဖြစ်သည်။
သူ့ဆရာပြောခဲ့သည်များကို သတိရသွားသည့် ကျန်းယန်က အနေရခက်စွာဖြင့် ရယ်ပြကာ
“တောင်းပန်ပါတယ်။ ရှေ့နေကြီးမော့ဟန်မှန်း မသိလိုက်လို့ပါ။ တကယ်တော့ ဒီမှာမေးလို့လည်းပြီးပါပြီ။ နှစ်ယောက်လုံး အိမ်ပြန်လို့ရပါပြီ”
မော့ဟန်က ပြန်ပြောသည်။
“ကျေးဇူးပါဗျာ။ တစ်ခုခုပေါ်လာရင် ကျွန်တော့်ကို အချိန်မရွေးဆက်သွယ်လို့ ရပါတယ်။ အရာရှိကျန်းဆီမှာ ကျွန်တော့်ဖုန်းနံပတ်ရှိတာပဲ။ ဒီကိစ္စရှင်းနိုင်ဖို့ ကျွန်တောတို့ ရဲစခန်းနဲ့ အကောင်းဆုံးပူးပေါင်းပေးပါ့မယ်”
မော့ဟန်က ရှုချင်းရီနှင့် အိမ်ပြန်မလာခင် ကျန်းယန်နဲ့ စကားပြောဆိုခဲ့သည်။ သူတို့အိမ်ပြန်ရောက်သည့်အခါ မီးဖွင့်ပြီးသည်နှင့် ရှုချင်းရီက စိတ်မရှည်စွာမေးသည်။
“ညီမလေးမုန့်ဘယ်မှာလဲ?”
မော့ဟန်က ရှုချင်းရီ၏လက်ကသွေးများကို သတိထားမိလိုက်သည်။ သူကမျက်မှောင့်ကျုံသွားကာ ထိုကောင်မလေး၏လက်ကိုဆွဲကိုင်လိုက်ပြီး သေချာကြည့်ကာ
“ဘာဖြစ်လို့သွေးတွေပေနေရတာလဲ?”
ရှုချင်းရီက သူမလက်ကိုပြန်ရုတ်လိုက်ပြီး
“ဘာမှမဟုတ်ပါဘူး။ အခင်းနေရာမှာ ချော်လဲကျတာလေ။ ဒါသူများသွေးတွေ”
မော့ဟန်က သူမတစ်ကိုယ်လုံးကို သေချာလိုက်ကြည့်တော့ ခြေချင်းဝတ်မှ သွေးများကိုတွေ့သွားသည်။
“ခြေထောက်ကရော?”
မော့ဟန်ပြောမှပဲ သူမခြေထောက်က နာလာတော့သည်။ သူမချော်လဲသွားတုန်းက ခြေထောက်ပွန်းသွားခဲ့သည် ဖြစ်မည်။ သူမကသိပ်မနာသောကြောင့် ခြေထောက်ကို လုံးဝသတိမထားမိခဲ့ခြင်းဖြစ်သည်။
“ခြေထောက်သွေးက လဲသွားတုန်းက။ အခုသွားဆေးလိုက်မယ်”
ရှုချင်းရီက သူမ၏ထိုဒဏ်ရာသေးသေးလေးကို စိတ်ထဲကိုမရှိပေ။ သူမက ဗိုက်အရမ်းဆာနေပြီဖြစ်သည်။ အတန်းပြီးကတည်းက သူမအိမ်ပြန်လာကာ မုန့်စားချင်နေခဲ့သည်ဖြစ်သည်။ ဒါပင်မယ့်လည်း ခုနကဖြစ်ခဲ့သည့်ကိစ္စကြောင့် အချိန်ကြာနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် မော့ဟန်ကို တောက်ပစွာ ပြုံးပြကာ
“မုန့်ဘယ်မှာလဲ? ဗိုက်ဆာနေပြီ”
မော့ဟန်က သူမကိုကြည့်ကာ
“အရင်သန့်ရှင်းရေးသွားလုပ်။ ဆေးထည့်ပြီးမှမုန့်စားလို့ရမယ်”
ရှုချင်းရီက စိတ်အလိုမကျသော်လည်း သူမရေချိုးခန်းသွားကာ သွေးများကို ဆေးကြောလိုက်သည်။ ထို့နောက် ဆေးပုလင်းကိုင်ကာ ထွက်လာသည်။ ဆိုဖာပေါ်တွင် ကွေးကွေးလေးထိုင်ကာ ဆေးပုလင်းဖွင့်လိုက်ပြီး သူမဒဏ်ရာအပေါ် ပြီးစလွယ်လောင်းချလိုက်သည်။ ရပ်ကြည့်နေသည့် မော့ဟန်က
“ဆေးဘယ်လိုထည့်ရမလဲရောသိလား?”
ရှုချင်းရီက သူ့ကိုအူကြောင်ကြောင်လေးကြည့်ကာ
“ဘယ်လိုထည့်ရလို့လဲ?”
“ဂွမ်းဘယ်မှာလဲ?”
မော့ဟန်က သူမဆီက ဆေးပုလင်းကို ယူသွားကာ မေးသည်။
“မသိဘူး။ ရေချိုးခန်းထဲမှာတော့ မတွေ့ခဲ့ဘူး”
မော့ဟန်က ဧည့်ခန်းထဲမှ အံဆွဲတစ်ခုထဲတွင် ရှာတွေ့သည်။ ထို့နောက်သူက ဆိုဖာပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ရှုချင်းရီခြေထောက်ကို ကိုင်လိုက်သည်။ ပြီးမှ ဂွမ်းပေါ်သို့ ဆေးလောင်းချကာ သူမဒဏ်ရာပေါ်ကို ဖွဖွလေးပွတ်ပေးသည်။ သူ့အမှုအယာမှာ မုန်တိုင်းမကျခင် တည်ငြိမ်နေသလိုဖြစ်သည်။
သူ့လက်ဝါးမှာ မာကြောကာ ကြမ်းတမ်းနေသည်။ မော့ဟန်က ခြေထောက်ကို ကိုင်ထားသောကြောင့် ရှုချင်းရီက ယားလာပြီး အဆင်မပြေဖြစ်လာသည်။ သူမခြေထောက်ကို သူမအလိုလိုပြန်ရုတ်မိသည်။ ထိုအခါ မော့ဟန်က ခပ်တင်းတင်းပြန်ဆွဲကိုင်လိုက်ပြီး
“လှုပ်မနေနဲ့။ ဒီမှာဆေးထည့်နေတာ”
ရှုချင်းရီက ငြိမ်ငြိမ်လေးနေကာ ဆေးထည့်ပေးနေသည်ကို ကြည့်နေသည်။ မော့ဟန်က သူမခြေထောက်ကို လွှတ်ပေးကာမှ သက်ပြင်းချနိုင်သည်။ မော့ဟန်က ထသွားကာ ဆေးပုလင်းသွားသိမ်းသည်။ ထို့နောက် မော့ဟန်က မုန့်တွေဖြင့် ပြန်လာသည်။
“မုန့်က နည်းနည်းအေးသွားပြီ။ အဲ့ဒါကြောင့် Microwaveထဲမှာ နွေးထားလိုက်တယ်”
ရှုချင်းရီက မုန့်ပန်းကန်ကို ပျော်ရွှင်စွာယူလိုက်ကာ သူမဘယ်လိုပုံဖြစ်နေမည်ကို ဂရုမစိုက်အားတော့ပဲ စစားတော့သည်။
မော့ဟန်က ရှုချင်းရီအားရပါးရစားနေသည်ကို ကြည့်နေမိသည်။ ဒီကောင်မလေးမှာ ပါးနှစ်ဖက်လုံးဖောင်းကားသွားသည့်အထိ ပါးစပ်ထဲကိုအတင်းထိုးထည့်ကာ စားသောက်နေသည်ကို ကြည့်ရင်း သူမရယ်ဘဲ မနေနိုင်ပေ။ သူမစားနေသည်ကို သူကြည့်နေရခြင်းက သူလည်းဗိုက်ဝသွားသလို ကျေနပ်ဖွယ်ရာပင်ဖြစ်သည်။
‘နောက်ဆိုရင် ငါပဲနီလေးအဆာသွပ်မုန့်များများ ဝယ်ရတော့မယ့်ပုံပဲ’