၅၀။ ပြန်လာတဲ့အချိန်အထိ စောင့်နေမယ်
“ဟမ်?”
“သူက တစ်ယောက်ယောက်ကို သတ်ပြီးတဲ့အခါ ကျေနပ်မှုရတယ်မလား။ သူအဲ့ဒီနေရာကို နောက်တစ်ခေါက်ပြန်လာရင် အဲ့လိုခံစားမှုကို ထပ်ရမှာမလို့လေ”
ကျန်းယန်က တိတ်ဆိတ်သွားကာ သူမပြောသည်ကို တွေးကြည့်လိုက်သည်။
“ဒီလိုမျိုးသာဆိုရင် သူကရဲစခန်းကိုတောင် ရောက်လာနိုင်တယ်။ သူက သူ့ကိုယ်မဖမ်းနိုင်လောက်ဘူးဆိုတဲ့ ယုံကြည်မှုပြင်းတာကိုး။ သူက ရဲစခန်းကိုလာပြီး ရဲတွေသူကိုဖမ်းဖို့ ဘယ်လောက်ခေါင်းစားနေမလဲဆိုတာကို လာကြည့်လိမ့်မယ်။ ဒါကသူ့ကို လူသတ်ရတာမှာ ပိုပျော်သွားစေတာပဲ”
“ဒါကတော့ မဖြစ်နိုင်လောက်ပါဘူးကွာ”
လူသတ်သမားမှာ ရဲစခန်းထဲအထိ ရောက်လာလိမ့်မည်ကို တွေးကြည့်လေလေ ကျန်းယန်က မယုံကြည်နိုင်ဖြစ်လာလေလေပင်။
“သူ့ကို သာမန်လူသတ်သမားလို့ ရှင်ထင်နေလို့မရဘူး။ သူက ရှင်ထင်ထားတာထက် ပိုပြီးရူးနေနိုင်တယ်။ ရှင်လည်း အခင်းပုံတွေကို မြင်တယ်မလား။ အရင်တုန်းက ကျွန်မစဉ်းစားရကြပ်နေလို့သာ အဲ့ဒီသစ်ရွက်အပေါ် နင်းသွားတဲ့အသံပိုင်ရှင်က သူပဲဖြစ်လောက်တယ်။ ဒါပင်မယ့် အခုသေချာတွေးကြည့်တော့ အဲ့ဒီအချိန်တုန်းက ကျွန်မအနားမှာ ရှိနေလောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အလောင်းကိုတွေ့တဲ့အချိန် ကျွန်မဘယ်လောက် ကြောက်သွားမလဲဆိုတာကို သူကိုယ်တောင်မြင်ချင်သေးတာကြောင့် စောင့်ကြည့်နေတာဖြစ်မယ်။ ကျွန်မကို သတ်မသွားတာကလည်း အဲ့တုန်းက သူ့အတွက်အချိန်က မသင့်တော်သေးလို့ပဲ ဖြစ်ရမယ်”
ကျန်းယန်က ရှုချင်းရီသုံးသပ်ပြသည့် လူသတ်သမား၏အပြုအမှုကို ကြားရသောအခါ သူလန့်သွားသည်။ ထိုလူသတ်ကောင်က ဒီကောင်မလေး အနောက်တွင် ရပ်ကြည့်နေမည်ကို ကြားရုံဖြင့် သူကြောက်လာသည်။
“မင်းမကြောက်ဘူးလား?”
“ဘာဖြစ်လို့ မကြောက်ရမှာလဲ?”
ရှုချင်းရီက ပေါ့ပေါ့ပါးပါးလေသံဖြင့်
“ဒီအထိပဲ ကူညီပေးနိုင်မယ်။ ယုံတာမယုံတာကတော့ ရှင့်အပိုင်းပဲပေါ့။ ဖမ်းမိချင်တယ်ဆိုရင်တော့ အဲ့ဒီနေရာတွေကို သတိထားကြည့်လေ။ အခင်းဖြစ်တဲ့အချိန် ဖြစ်တဲ့နေရာမှာ ယောင်ပေပေလုပ်နေတဲ့ သာမန်ပြည်သူတွေထဲကို ရှာကြည့်။ အခင်းတိုင်းမှာရှိနေရင် အဲ့ဒါလူသတ်သမားပဲ”
“မင်းထင်တာက အရမ်းထင်းမနေဘူးလား?”
ကျန်းယန်က အနည်းငယ်မယုံကြည်နိုင်ပေ။
“မယုံလည်းနေပေါ့။ ကျွန်မမှာတော့ ထပ်ပြောစရာမရှိတော့ဘူး”
ကျန်းယန်က ပြောသည်။
“မင်းပြောတာတွေကို ငါ့ဆရာကို ပြန်ပြောပြလိုက်မယ်။ သူဘာပြန်ပြောမလဲ ကြည့်ရတာပေါ့”
“ရှင့်သဘောပဲ”
ရှုချင်းရီက သူမဘေးကထွက်သွားသည့် ကျောင်းသားများကို ကြည့်လိုက်ကာ သူမအတန်းသွားတက်ရမည်ကို သတိရသွားသည်။
“အတန်းတက်ရဦးမယ်။ ဖုန်းချလိုက်ပြီ”
သူမတွင် ညနေပိုင်းအတန်းများပါ ရှိသောကြောင့် အိမ်ကို ၉နာရီကျော်မှ ပြန်ရောက်တော့မည် ဖြစ်သည်။ မော့ဟန်ဖုန်းခေါ်သည့်အချိန်တွင် သူမက ဘတ်စ်ကားပေါ်ရှိ ပြတင်းပေါက်ဘေးခုံတွင်ထိုင်ကာ အပြင်ကိုငေးနေချိန်ဖြစ်သည်။
“အိမ်ပြန်ရောက်ပြီလား?”
မော့ဟန်က ရုံးခန်းထဲတွင် အလုပ်လုပ်နေရင်းက ၉နာရီထိုးသောအခါ သူမကို ဖုန်းဆက်မေးခြင်း ဖြစ်သည်။ ဒီအချိန်တွင် သူမက အိမ်ပြန်ရာလမ်းတွင် ရှိနေသေးလောက်ကြောင့် ဖုန်းဆက်မေးရန်လိုမည်ဟု ဘာကြောင့်မှန်းမသိ သူခံစားမိသည်။
“ဟင့်အင်း လမ်းမှာပဲ ရှိသေးတယ်”
“ဒီနေ့ဘာဖြစ်လို့နောက်ကျနေတာလဲ?”
“ညနေပိုင်းအတန်းရှိတယ်လေ။ အခုကားပေါ်မှာ”
“ကျောင်းကရော အခုတလော အစစအရာရာ အဆင်ပြေလား?”
သူမတို့ကျောင်းတွင် လူသတ်မှုဖြစ်ခဲ့သောကြောင့် အခုတလော သူမတို့ကျောင်းသားများအကြားတွင် ပြောစရာရနေမည် ဖြစ်သည်။
“ဟင့်အင်း ကျောင်းကပိတ်ရတော့မတက်ပဲ။ ရဲတွေက ကျောင်းဝင်းထဲမှာ နေရာတိုင်းရှိနေတော့ လမ်းတောင်သတိထားလျှောက်နေရတာ”
ရှုချင်းရီက နှုတ်ခမ်းလေး ဆူကာပြောသည်။ ဖြစ်သမျှအကြောင်းတိုင်းအား မော့ဟန်ကို သံတော်ဦးတင်ချင်စိတ်ကို သူမကိုယ်သူမတားမရပေ။
“ကြောက်ရင် ကျောင်းမှာခွင့်တင်ထားလိုက်လေ။ ကျောင်းမသွားနဲ့တော့။ ဆေးရုံသွားပြီး ပြန်ဆေးစစ်နေလိုက်”
“မကြောက်ပါဘူး။ အလုပ်ရှုပ်ရုံတင်ပါ။ ဘယ်အချိန် တားပြီးအစစ်ခံရမလဲ မသိဖြစ်နေတာ။ ပြီးတော့ ဝင်ပေါက်က လုံခြုံရေးတွေကလည်း ပိုကျပ်လာတယ်။ ဒါပင်မယ့်လည်း ဘယ်လောက်ရှုပ်ရှုပ် ကျောင်းတော့ သွားရမှာပေါ့”
ရှုချင်းရီက ဒီလိုသေလောက်အောင် အာရုံနောက်ရသည့်ကိစ္စများမှာ ဘယ်တော့မှ ပြီးတော့မည်မဟုတ်ဟု ခံစားနေရသည်။
“အချိန်နည်းနည်းကြာရင် အဆင်ပြေသွားမှာပါ”
“ကိုကြီး အိမ်ကို ဘယ်အချိန်ပြန်လာမှာလဲ?”
ရှုချင်းရီက မေးလိုက်သည်။
မော့ဟန်က ထိုစကားကြားသောအခါ လုပ်လက်စစာရွက်များကို ဆက်မလှန်တော့ပဲ ခေါင်းမော့လာသည်။
ဒီလိုစကားမျိုးကို တစ်စုံတစ်ယောက် သူကိုပြောသည်ကို မကြားဖူးခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ သူ့မိဘအရင်းခေါက်ခေါက်တွေကတောင် သူ့ကိုပြောခဲသည်။ သူတို့တွေမှာလည်း သူတို့အလုပ်တွေဖြင့် သူတို့ဘဝတွင် ရှုပ်ယှက်ခက်ကာ နေကြသည်ကိုး။
‘ငါအိမ်ပြန်လာတာကို စောင့်နေမယ့်လူ ဘယ်တုန်းကမှ မရှိခဲ့ဖူးသလိုပါလား!’