၆၈။ ဖျားသွားခြင်း
နောက်နေ့မနက်တွင် ရှုချင်းရီက ဖျားနေတော့သည်။
ရှုချင်းရီသိသည်ဆို၍ သူမမအိပ်မပျော်သည်မှာ နှစ်ညဆက်ရှိသည်ဆိုသည်ပင်ဖြစ်သည်။ မော့ဟန်က သူမကို ဘာဖြစ်လို့ အစောကြီးနိုးနေသလဲဟု မေးသည့်နေ့မတိုင်ခင် ညက သူမလုံးဝကို အိပ်မရခဲ့ခြင်း ဖြစ်သည်။ သူမက အိပ်ရာပေါ်တွင် တောင်လှည့်မြောက်လှည့်အမျိုးမျိုးနေသော်လည်း အိပ်ချင်စိတ်က လုံးဝရောက်မလာပေ။ နောက်ဆုံးတွင် သူမပြတင်းပေါက်ဖွင့်ကာ ကြမ်းပြင်ပေါ်တွင် ထိုင်ချရင်း အပြင်ဘက်ကတိတ်ဆိတ်နေသည့်ညကို လှမ်းကြည့်နေခဲ့ရသည်။
မနေ့ညက မော့ဟန်ထွက်သွားသည့်အခါ ရှုချင်းရီမှာ ပင်ပန်းနေပြီဖြစ်သော်လည်း တနေ့ကလို အိပ်မပျော်သည့် အခြေအနေ ပြန်ဖြစ်နေသည်။ သူမအိပ်ရာပေါ်တွင်လှဲနေလည်း အိပ်မရပေ။ သူမသက်ပြင်းချကာ စောင်ခြုံလိုက်ပြီး ပြတင်းပေါက်ကိုဖွင့်ပြီးနောက် ကြမ်းပြင်ပေါ်တွင် အိပ်လိုက်သည်။
သူမမမျှော်လင့်ခဲ့မိသည်က ထိုညတွင် မိုးရွာလာခြင်းဖြစ်သည်။
နောက်နေ့မနက် သူမနိုးလာသည့်အခါ ခေါင်းမူးနေပြီး လည်ချောင်းတွေ ခြောက်ကပ်နေကာ သူမစကားမပြောနိုင်တော့ပေ။ သူမတစ်ကိုယ်လုံးလည်း ကိုက်ခဲနေကာ မလှုပ်နိုင်တော့ပါ။ သူမကြိုးစားပြီး ထထိုင်လိုက်သောအခါ သူမစောင်မှာ ဘေးသို့အကန်ခံထားရသည်ကို တွေ့ရပြီး သူမအဝတ်တွေမှာလည်း အစိုပြန်နေသည်။
သူမအသက်ဝဝရှုရန်လုပ်သောအခါ သူမနှာခေါင်းပါပိတ်နေသည်ကို သိရတော့သည်။ သူမအရင်လို စကားပြောနေကြအသံမဟုတ်ဘဲ သူမအသံလည်းဝင်နေလေပြီ။
သူမစောင်ကို ကုတင်ပေါ်ပြန်တင်လိုက်ပြီး ဖုန်းကနာရီကို ကြည့်လိုက်သည့်အခါ မနက်၇နာရီပဲ ရှိပါသေးသည်။ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်သည့်အခါ ကောင်းကင်ကြီးမှာ တိမ်ထူထပ်နေပြီး မိုးကလည်း ဆက်ရွာနေဆဲဖြစ်သည်။ သူမပြတင်းပေါက်ကို ပိတ်လိုက်ကာ သူမကိုယ်က အအေးဓာတ်ကို သက်သာစေရန်အတွက် ရေနွေးဖြင့် ရေချိုးရန် ပြင်တော့သည်။
ရေချိုးပြီးသည့်အခါ ရှုချင်းရီက ရေစိုနေဆဲဆံပင်ဖြင့် ရေသွားသောက်လေသည်။ ထိုအခါ သူမအပြင်ထွက်လာသည့်အခါ မော့ဟန်နှင့် သွားတိုးလေသည်။
မော့ဟန်က အိပ်ရာကနေ နိုးလာခြင်းဖြစ်သည်။ မော့ဟန်က ရှုချင်းရီ၏ ဒီလိုအခြေအနေကို မြင်သောအခါ နည်းနည်းအံ့သြသွားသည်။
‘အိပ်ရာကနိုးနိုးချင်း ဒီကောင်မလေးက အပျင်းတစ်ပြီး အမြဲတမ်းဆက်မှိန်းနေကြ မဟုတ်ဘူးလား?
အခုတလော ဘာဖြစ်လို့ စောစောထနေတာပါလိမ့်?’
“ဘာဖြစ်လို့ အစောကြီးထလာပြန်တာလဲ?”
မော့ဟန်က မေးသည်။
ရှုချင်းရီက မီးဖိုချောင်ထဲဝင်သွားကာ ရေတစ်ခွက်သောက်လိုက်သည်။ ရေသောက်ပြီးသော်လည်း သူမလည်ချောင်းမှာ ဆက်နာနေဆဲဖြစ်သည်။
“မသိဘူး”
ရှုချင်းရီက မော့ဟန်ကို ပြန်ဖြေလိုက်ပြီးနောက် သူမကြောင်သွားသည်။ အစတုန်းက သူမလည်ချောင်းက နည်းနည်းနာနေရုံပဲဟု သူမထင်ခဲ့မိပင်မယ့် အခုမှ သူမလည်ချောင်းခြောက်နေကြောင်းကို သေချာသိရသည်။ သူမအသံမှာ ကွဲအက်နေကာ သူမအသံသူမတောင် မကြားချင်တော့ပေ။
မော့ဟန်ကလည်း ကြောင်သွားသည်။
“လည်ချောင်းက ဘယ်လိုဖြစ်တာလဲ?”
ရှုချင်းရီက ရေနောက်တစ်ခွက် ထပ်သောက်ပြီးမှ
“ဖျားနေတာ”
“မနေ့ညက ကောင်းကောင်းမအိပ်ရဘူးလား?”
မော့ဟန်က သူမအနားကို လမ်းလျှောက်လာသောအခါ သူမမျက်နှာမှာ ဖြူဖျော့နေကြောင်းကို တွေ့လိုက်ရသည်။
ရှုချင်းရီက ခေါင်းငြိမ့်ပြသည်။ ထို့နောက်
“ရပါတယ်။ ရေနွေးနဲ့ ရေချိုးထားတယ်။ တော်ကြာကောင်းသွားလိမ့်မယ်”
သူမအသံက ကွဲအက်ကာဝင်နေသောကြောင့် သူကြားရသည်မှာ ခက်ခဲနေသည်။ မော့ဟန်က မျက်မှောင်ကျုံကာ
“ဆေးသွားဝယ်ချေ။ အချိန်ဆွဲမနေနဲ့”
“သိပါတယ်”
မော့ဟန်က သူ့ကိုပြောင်နေသလိုမျိုး မျက်လုံးမှိတ်ရင်း ပြန်ပြောလာသည့် ရှုချင်းရီကို ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူပြောသည်ကို မသိသေးဟန်တူသည်။ ထိုကောင်မလေးမှာ ဖြူဖပ်နေသည့် မျက်နှာလေးဖြင့် ဒီနေရာတွင် မတ်တပ်ရပ်နေကာ သူပြောသမျှကို ခေါင်းပဲငြိမ့်ပြဖို့ သိဟန်တူသောကြောင့် သူဒေါသနည်းနည်းထွက်လာသည်။
“ငါဘာပြောတာလဲဆိုတာကို ကြားရောကြားရဲ့လား? ဆေးသွားဝယ်။ ဆေးဆိုင်ဘယ်မှာလဲ ဆိုတာကိုရော သိလား?”
“သိပါတယ်။ အတန်းသွားတက်ရင်း ကျောင်းဆေးခန်းမှာ သွားပြလိုက်ပါ့မယ်”
ရှုချင်းရီက လည်ချောင်းနာနေတာ ဖြစ်သောကြောင့် စကားသိပ်မပြောချင်ပေ။
“နေမကောင်းရင် ကျောင်းသွားမနေနဲ့။ ခွင့်တိုင်လိုက်”
ရှုချင်းရီက သူ့ကိုလှည့်ကြည့်လာကာ
“ရပါတယ်။ လည်ချောင်းနာနေရုံလေးတင်ကို”
ရှုချင်းရီက သူမရေကို ကုန်အောင်သောက်ပြီးမှ
“ဒီနေ့ စကားပြောရတာ အဆင်မပြေဘူး။ လည်ချောင်းက နာနေတယ်။ ကျေးဇူးပြုပြီးတော့ ညီမလေးကို စကားလာမပြောနဲ့။ ပြီးတော့ ကျောင်းကို ကိုယ့်ဟာကိုယ်ပဲ သွားလိုက်မယ်”
ပြောပြီးသည်နှင့် ရှုချင်းရီက မော့ဟန်ကို ကျော်ကာ သူမမူးနေသည့်ခေါင်းကို မနည်းထိန်းရင်း သူမအခန်းသို့ ပြန်ဝင်သွားသည်။
မော့ဟန်က ရှုချင်းရီကို ပြန်ဆွဲထားပြီး ဆူမလို့ ပါးစပ်ဟစဉ်တွင် ရှန်ယို့က အိပ်ခန်းထဲက ထွက်လာသည်။ သူမဘေးက မူးရိပ်မူးရိပ်ဖြင့် ဖြတ်သွားသည့် ရှုချင်းရီကို သူမနှုတ်ဆက်မလို့လုပ်သော်လည်း ထိုကောင်မလေး၏ ဘယ်သူ့ကိုမှ ဂရုမစိုက်သည့်ဟန်မြင်သောအခါ သူမချဉ်သွားသည်။
ထို့ကြောင့် သူမရှုချင်းရီကို မနှုတ်ဆက်တော့ဘဲ မော့ဟန်ဆီကိုသာ သွားလိုက်သည်။ သူ့လက်မောင်းကို တွဲလိုက်ပြီး
“နိုးနေပြီလား?”
မော့ဟန်က ခေါင်းငြိမ့်သာ ပြသည်။