၄၀။ အိပ်ရာပေါ်မှာအိပ်လိုက်
“ဘာအိပ်မက်မက်လို့လဲ?”
ရှုချင်းရီက မျက်နှာလေးကို လက်ဖြင့်ပွတ်ရင်း သူမအိပ်မက်ကို ပြန်တွေးကြည့်သည်။ သို့သော် သူမငိုရလောက်သည့်အထိ ဘာကိုမက်ခဲ့မှန်း သေချာသတိမရတော့ပေ။
“ညီမလေး. . .မသိတော့ဘူး. . .မှတ်မိတာဆိုလို့ . . .လက်ကိုဓားနဲ့မွှန်းခံရတယ်။ မှောင်မဲနေတာကို . . .ဆက်လျှောက်နေမိတယ်။ ပြီးတော့ . . .ညီမလေး . . .ဘာဖြစ်လို့ ငိုမိတာလဲ မသိတော့ဘူး။ တကယ် မသိတော့ဘူး. . .”
ရှုချင်းရီသိတာက သူမစိတ်ရှုပ်နေတာကိုပဲ။ သူမအိပ်မက်က ဝေဝါးနေသည်။ အိပ်မက်ထဲက နေရာကိုလည်း သူမမသိသလို သူမစိတ်ထဲတွင် အကူအညီမဲ့နေသည့် ခံစားချက်က တင်းကြပ်နေကာ မျက်ရည်တွေစီးကျလာပြီး သူမနိုးလာခြင်းဖြစ်သည်။
“ရေသွားခပ်ပေးမယ်”
မော့ဟန်က သူမ၏ ပင်ပန်းနေသည့် မျက်နှာလေးကို ကြည့်ကာ ပြောသည်။
မော့ဟန်ပြန်ရောက်လာသည့်အချိန်အထိ ရှုချင်းရီသည် ခုနကနိုးလာသည့်ပုံအတိုင်းပင် ဖြစ်သည်။ သူမက ကြမ်းပြင်ပေါ်တွင် ဒူးနှစ်ဖက်ကိုပိုက်ကာ ထိုပေါ်တွင် ခေါင်းလေးကို မှီထားသည်။ သူမက အသက်မဲ့နေသည့်ရုပ်ကလေးဖြင့် တစ်ခုခုကို တွေးနေပုံရသည်။
“ထပ်တွေးမနေနဲ့တော့။ အိပ်မက်ဆိုးတစ်ခုပါပဲ”
မော့ဟန်က သူမဆီလျှောက်သွားကာ ရေခွက်ကို ကမ်းလိုက်ရင်းပြောသည်။
“ကိုကြီး . . .ညီမလေး . . .တစ်ယောက်ယောက်ကို သတ်ခဲ့တယ်လို့ ထင်လား?”
ရှုချင်းရီက ရုတ်တရပ်မေးလိုက်သည်။ သူမအတွေးတွေက အိပ်မက်ထဲက သူမကိုယ်သူမ ဇဝေဇဝါဖြစ်နေသည်။
မော့ဟန်က တုံ့ဆိုင်းသွားသော်လည်း သူမကို ပြုံးပြလိုက်ကာ
“ဘာတွေထင်နေတာလဲ? လျှောက်ပြောမနေနဲ့တော့။ ရေအရင်သောက်လိုက်။ ပြီးရင် ခြေလက်မျက်နှာသစ်ပြီး ပြန်အိပ်ချေ”
“ညီမလေး . . .တကယ် ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူးလား?”
ရှုချင်းရီက မော့ဟန်ကို အတည်ပေါက်ကြီး မေးသည်။
မော့ဟန်က ရှုချင်းရီကို သေချာကြည့်လိုက်သည်။ ရှုချင်းရီမျက်လုံးလေးများမှာ ငိုထားသောကြောင့် နီရဲနေသည်။ ထိုကောင်မလေး မျက်နှာတွင် မျက်ရည်တွေဖြင့် ဖြစ်ကာ ဆံပင်တွေလည်းပွနေသည်။
“မဟုတ်ပါဘူး။ ကိုကြီးကိုယုံ။ အိပ်မက်ဆိုးမက်တာလေးနဲ့ လျှောက်ထင်မနေနဲ့တော့။ အခုမျက်နှာသွားသစ်တော့။ ပြီးရင် အိပ်လိုက် ဟုတ်ပြီလား”
ရှုချင်းရီက မော့ဟန်စကားကို နားထောင်ကာ ချက်ချင်းထပြီး ရေချိုးခန်းသို့ သွားသည်။ ထိုအခါမှ သူမခြေထောက်တွေက ဂျယ်လီလို ပျော့ခွေနေသည်ကို သိတော့သည်။ သူမက ငရဲပြန်ကျနေသလိုမျိုး ခံစားရသည်။ အိပ်မက်ကြောင့် သူမဟာ အခုအထိ ကြောက်နေဆဲဖြစ်သည်။ ရေပိုက်ကို ဖွင့်လိုက်ပြီး သူမက မှန်ထဲမှ မျက်ရည်စီးကြောင်းတွေနဲ့ ကောင်မလေးကို ကြည့်နေသည်။ ပထမဆုံးအနေနဲ့ သူမကိုယ်သူမ သူစိမ်းတစ်ယောက်လို ခံစားလိုက်ရသည်။
စိတ်ပညာသဘောအရဆိုရင် အိပ်မက်ဆိုတာက လက်တွေ့ဘဝရဲ့ အဖြစ်အပျက်တွေကို စိတ်စွဲပြီးမက်ခြင်းဖြစ်သည်။ ထူးခြားပြီး သာမန်မဟုတ်တဲ့ အိပ်မက်တွေက လက်တွေ့ဘဝရဲ့ မတော်တဆတွေဖြင့် ရှင်းပြ၍ရသည်။
‘ငါ့အိပ်မက်ကဘာလဲ? ဆေးရုံမှာ ကိုမာဝင်နေတုန်းက မက်နေတဲ့ အိပ်မကတွေကရော ဘာတွေလဲ? ပြီးတော့ ဒီညဘာဖြစ်လို့ အိပ်မက်ထဲမှာ ငိုနေတာလဲ? ငါ့ဒဏ်ရာတွေက အိပ်မက်ထဲမှာ လက်ကိုဓားနဲ့ မွှန်းခံရတာနဲ့များ ဆိုင်နေလား?’
ရုတ်တရပ် သူမဟာ အိပ်မက်ထဲက အရေးကြီးသည့်အချက်ကို မေ့သွားသလို ခံစားနေရသည်။ သူမခေါင်းထဲက မေးခွန်းထတွေကိုလည်း သူမအခုမရှင်းနိုင်ပေ။
“ရှုချင်းရီ”
မော့ဟန်က လှမ်းအော်ခေါ်သည်။
ရှုချင်းရီက မျက်နှာအမြန်သစ်လိုက်ပြီး ရေပိုက်ကိုပြန်ပိတ်လိုက်ပြီးမှ
“ဟုတ်ကဲ့”
“အထဲမှာ အဆင်ပြေရဲ့လား?”
မော့ဟန်က သူမရေချိုးခန်းထဲကို ဝင်သွားတည်းက သတိထားကာ စောင့်နေခြင်းဖြစ်သည်။ သို့သော် ရေတသွင်သွင်ကျနေသံကလွဲ၍ ဘာသံမှ ထွက်မလာသောကြောင့် တစ်ခုခုများ ဖြစ်နေပြီလားဟု စိုးရိမ်ကာ ခေါ်လိုက်ခြင်းဖြစ်သည်။
ရှုချင်းရီက အိပ်ခန်းတံခါးဖွင့်လာကာ မော့ဟန်ကို ပြုံးပြပြီး ပြောသည်။
“ဘာမှမဖြစ်ပါဘူး”
“အိပ်ရာပေါ်မှာအိပ်လိုက်”
မော့ဟန်က သူ့အိပ်ရာကို လက်ညိုးထိုးပြရင်းပြောသည်။ သူ့အိပ်ရာပေါ်တွင် သူမ၏ခေါင်းအုံးကို သပ်သပ်ရပ်ရပ်ချထားသည်။
ရှုချင်းရီက မော့ဟန်ကို မေးသည်။
“ဘာဖြစ်လို့လဲ?”
“အိပ်ဆိုရင်အိပ်လိုက်”
မော့ဟန်က ကုတင်အောက်က အခင်းကို ပြန်ဖြန့်နေရင်း ဖြေသည်။
“ကိုကြီးက အပြင်မှာ အိပ်မလို့လား?”
ရှုချင်းရီက မော့ဟန်ကို စွန့်ပစ်ခံလိုက်ရသည့် ကြောင်လေးတစ်ကောင်လို သနားစဖွယ် ကြည့်ကာ မေးသည်။
မော့ဟန်က ရှုချင်းရီကို ခနရပ်တန့်ကာ ကြည့်နေပြီးမှ
“မအိပ်ပါဘူး။ အောက်မှာအိပ်မလို့”
ရှုချင်းရီက ထိုအခါမှ စိတ်သက်သာရာရသွားသည်။ သူမက ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး မော့ဟန်က ကြမ်းပြင်ပေါ်က အခင်းတွင်လှဲလိုက်သည်ကို ကြည့်နေမိသည်။ ထိုလူကြီးက အရပ်ရှည်လွန်းသောကြောင့် စောင်လေးမှာ သူ့တစ်ကိုယ်လုံးကို မလုံပေ။ ထို့နောက် သူမနှုတ်ခမ်းတွင် အပြုံးလှလှလေးတစ်ပွင့် ဖူးပွင့်လာကာ
“ကျေးဇူးတင်ပါတယ် ကိုကြီး”