May Honey Logo May Honey
Previous Next

၃၆။ စရိုက်မတူတဲ့ မောင်နှမတွေ

“ပျင်းရင် လာခဲ့လေ။ ငါ့ကိုမနှောက်ယှက်သ၍ ရပါတယ်”
မော့ဟန်က ဖြည်းဖြည်းပြောလိုက်သည်။

“တကယ်နော်?”
ရှုချင်းရီက အတော်ပျော်ရွှင်သွားပုံရပြီး လေသံကတောင် ကျယ်လာသည်။

“အင်း”

သူဖုန်းချလိုက်သည်နှင့် ကားထဲမှလူတွေရဲ့အကြည့်များက သူ့ဆီရောက်လာသည်။ လျူဇီယွမ်က ရှေ့မကြည့် နောက်မကြည့်မေးချသည်။
“ဆရာ တကယ်ပဲ ဆရာ့ညီမလား?”

မော့ဟန်က ထူးမခြားနားပုံဖြင့်
“ဟုတ်တယ်။ ငါ့ညီမမဟုတ်လို့ မင်းညီမဖြစ်ရမလား?”

“ဒါပင်မယ့် ဘယ်တုန်းက ညီမရှိသွားတာလဲ? ညီမအရင်းလား? ကျွန်တော်တို့ ဘာဖြစ်လို့ မတွေ့ဖူးတာလဲ?”
လျူဇီယွမ်က တရစပ်မေးသည်။

မော့ဟန်က ကားကိုပဲအာရုံစိုက်မောင်းရင်း တည်ငြိမ်စွာဖြေသည်။
“နိုင်ငံခြားမှာတုန်းက အမေမွေးစားထားတာ။ ညီမလေးက နိုင်ငံခြားကနေ ဒီမှာခနနေချင်တယ်ဆိုပြီး ရောက်လာတာ”

“ဒါဆို မွေးစားခံထားရတာပေါ့”
လျူဇီယွမ်က ပါးစပ်အဟောင်းသားဖြင့်
“အဲ့ဒါကြောင့် ဆရာနဲ့ မျိုးရိုးနာမည်မတူတာကိုး”

ရှေ့နေကြီးမိသားစုတွင် မွေးစားညီမရှိသည်ကိုကြားသောအခါ ကားနောက်က လူများမှာ စိတ်ဝင်တစားဖြစ်လာကြသည်။
“မနေ့က ရုံးမှာတွေ့လိုက်တဲ့ ဆံပင်အတိုနဲ့ ကောင်မလေးလား?”

“ကျွန်မလည်း မနေ့ကသူ့ကိုတွေ့လိုက်တယ်။ မျက်လုံးတောက်တောက်လေးတွေနဲ့”

“အသက်ဘယ်နှနှစ်လဲ? တော်တော်ငယ်ဦးမယ်ထင်တယ်။ ကျောင်းတက်တုန်းလား?”

မော့ဟန်က နောက်ကလူတွေရဲ့ မဆုံးနိုင်တော့သည့် မေးခွန်းတွေကိုကြားသောအခါ ရယ်လိုက်ပြီး
“သာမန်ကလေးမလေးပါပဲ။ ကျောင်းကတော့ တက်နေတုန်းပဲ။ မင်းတို့တွေ အရမ်းစပ်စုစရာမလိုပါဘူးကွာ”

“ဘယ်လိုလုပ် မစပ်စုဘဲ နေနိုင်မလဲ? ရှေ့နေကြီးရဲ့ ညီမလေးပဲဟာ”
လျူဇီယွမ်က ပြောသည်။
“အမှန်အတိုငပြောရရင် ဆရာ့မိသားစုအကြောင်းပြောပြတာ ကျွန်တော်တစ်ခါမှ မကြားဖူးဘူး။ ပြီးတော့ ဆရာ့ဆီက “ညီမလေး”ဆိုတဲ့စကားကို ပထမဆုံးကြားဖူးတာပဲ။ ဒါကတော်တော်ထူးခြားတယ် ပြောရမယ်”

မော့ဟန်က ပြုံးလိုက်သည်။ သူကမိဘတွေနှင့် ဆက်ဆံရေးမှာ သူများတွေနဲ့ယှဉ်လျှင် အတော်စိမ်းသည်။ သူ့အဖေက အဆက်အသွယ်စမလုပ်ဘဲ ဆိတ်ဆိတ်နေလေ့ရှိသည်။ သူ့အမေကတော့ သူ့ကိုအဆက်အသွယ်ခနခနလုပ်ကာ သူမကြိုက်သည့်အကြောင်းအရာမျာကို ပြောလေ့ရှိသည်။

လူတချို့လောက်ပဲ သူကစည်းကမ်းတင်းကျပ်သည့် မိဘတွေအောက်မှာ ကြီးပြင်းခဲ့ရသည်ကို သိကြသည်။ ဒါကြောင့် သူများတွေပြောနေကြခေါင်းစဉ်မျိုးကို သူကြိတ်မှိတ်ကာ ရှောင်လေ့ရှိသည်။

သူ့ရုံးကိုရောက်သည့်အခါ မော့ဟန်က သူ့၏ခေါက်ရိုးကျိုးနေသော တနေ့တာကိုစတင်သည်။ အစည်းအဝေးတက်သည်။ လက်ရှိလိုက်နေသည့်အမှုများ၏ အကြောင်းကြားစာများကိုဖတ်သည်။ အမှုနှင့်ပတ်သတ်သည့် အခြေအနေများကိုနားလည်ရန် ဖုန်းခေါ်သင့်သည့်သူအမျိုးမျိုးကို ဖုန်းဆက်မေးသည်။ သူ့ဘဝဟာ အရင်တုန်းကအတိုင်း အလုပ်ပြီးရင် အလုပ်ပဲ ပြန်ဖြစ်သွားသည်။ ဒီအခြေအနေဟာ ရှုချင်းရီရောက်မလာခင် ညနေလောက်အထိ ဆက်ဖြစ်နေသည်။

မနေ့က အမှားလုပ်မိပြီး ရှေ့နေကြီးထံတွင် ဆူခံလိုက်ရသည့် ကျန်းလီမှာ သူမရောက်လာသည်မြင်သည်နှင့် ရှုချင်းရီကို ကိုယ်တိုင်ကိုယ်ကျ မော့ဟန်ရုံးခန်းသို့ လိုက်ပို့သည်။

ရှုချင်းရီက ကျန်းလီအခြေအနေမကောင်းမှန်း ရိပ်မိလိုက်သည်။ သူမမိတ်ကပ်ကတောင်မှ သူမမျက်တွင်းများကို မဖုံးထားနိုင်ပေ။ ကျန်းလီကပြုံးနေသော်လည်း ရင်ထဲမှလှိုက်လှိုက်လဲလဲပြုံးသည့်အပြုံးမျိုး မဟုတ်ပါ။ ရှုချင်းရီက မနေ့ကမော့ဟန်ဆီမှာ အဆူခံလိုက်ရသောကြောင့် အိပ်မပျော်ဖြစ်သွားသည်ဟု ထင်လိုက်သည်။ ထိုကြောင့် ကျန်းလီကို နှစ်သိမ့်ပေးလိုက်သည်။
“ညီမလေးရဲ့ ကိုကြီးက စိတ်ကြီးတယ်မလား။ မနေ့ကဆူခံလိုက်ရတာ မကြီးဝမ်းနည်းသွားမှာပဲ။ စိတ်ထဲမထားနဲ့နော်”

ကျန်းလီက သူမကိုရှုချင်းရီက နှစ်သိမ့်လိမ့်မည်ဟု ထင်မထားသောအခါ အံ့သြသွားပြီး
“ရ . . .ရပါတယ် ညီမလေးရယ်။ အမက အမှားလုပ်မိတာပဲဟာ”

“မကြီးက ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်တာပဲဟာ။ ကိုကြီးကသာ ရှုပ်သွားတာ”

“ဒါပင်မယ့်. . .”

“ဘာမှ ဒါပင်မယ့် လုပ်မနေပါနဲ့။ အများကြီးမတွေးနဲ့နော်။ ညီမလေးပြောတာပဲ နားထောင်သလား”

ကျန်းလီက ရှုချင်းရီကို အံ့သြစွာကြည့်နေသည်။
ဒီကောင်မလေးရဲ့စရိုက်က ငါတို့ဆရာနဲ့ တော်တော်ကွာတာပဲ။ ဆရာက စည့်ကမ်းကြီးပြီး အကုန်လုံးကို လိုက်ကြည့်နေတာ။ ပြီးတော့လည်း အလုပ်မှအလုပ်ပဲ။ မျက်နှာကြီးကလည်း အမြဲတမ်းတည်နေပြီး ပြုံးတာတောင်မြင်ရခဲတာ။ ဒါပင်မယ့် ဒီကောင်မလေးကတော့ မတူဘူး။ မျက်လုံးလေးကိုကြည့်ရုံနဲ့ တက်ကြွနေတာကို ခံစားလို့ရတယ်။ ပြီးတော့ ဖော်ဖော်ရွေရွေ ပြုံးပြုံးရွှင်ရွှင်လေး။ သူများစိတ်ခံစားချက်ကိုတောင်ဂရုတစိုက်နဲ့ နှစ်သိမ့်ပေးတက်သေးတာ။ ဒီမောင်နှမနှစ်ယောက်ကတော့ လုံးဝကို စရိုက်မတူတဲ့ မောင်နှမတွေပဲ။

Previous Chapter 36 of 75 Next