၆၇။ ငါမင်းအနားမှာပဲနေချင်တယ်
မော့ဟန်က သူမကို လှည့်ကြည့်ကာ
“ငါဒီည သူနဲ့ဆွေးနွေးစရာရှိတယ်”
ရှန်ယို့က နှာခေါင်းရှုံကာ
“ဘာမလို့ ငါရောသိလို့မရတာလဲ?”
မော့ဟန်က သူမကိုကြည့်ကာ
“သူတို့ကျောင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စ။ နင်ပါနားထောင်ချင်ရင် လိုက်လာခဲ့”
ရှန်ယို့က ထိုအခါမှ စိတ်နည်းနည်းအေးသွားသည်။
“နင်တို့ ဘာအဓိပ္ပာယ်မှ မရှိတာတွေ ပြောဆိုနေတာကြီးတော့ နားမထောင်ချင်ပါဘူး”
မော့ဟန်က ပြောသည်။
“နင်ချက်ထားတာတွေကို ဒီတိုင်းကြီးမထားနဲ့။ အရင်စားနှင့်”
“ဟင့်အင်း ငါကနင်နဲ့အတူစားချင်တာ”
ရှန်ယို့က ညည်းကာပြောသည်။
မော့ဟန်က သက်ပြင်းချကာ
“ဟုတ်ပြီ။ ငါသူနဲ့အရင်သွားပြောလိုက်ဦးမယ်။ ပြီးမှ နင်နဲ့လာစားမယ်”
ရှန်ယို့က နောက်ဆုံးပြုံးကာ
“မြန်မြန်သွား။ ငါစောင့်နေမယ်”
မော့ဟန်က ရှုချင်းရီတံခါးကို ခေါက်သောအခါ ဘာမှပြန်မတုန့်ပြန်ပေ။ မော့ဟန်က တံခါးအောက်တွင်ဟနေသည့်နေရာမှ အထဲကိုချောင်းကြည့်လိုက်သောအခါ မှောင်မဲနေသည်။
“အိပ်နေပြီလား?”
“အိပ်နေပြီ!”
ရှုချင်းရီက စိတ်တိုစွာ ပြန်အော်သည်။
မော့ဟန်က တိတ်တိတ်ဆိတ်ဆိတ်နေကာ တံခါးကိုဖွင့်လိုက်သည်။ ဧည့်ခန်းကဝင်လာသည့် မီးရောင်ကလွဲလို့ သူမအခန်းက မှောင်ပိန်းနေသောကြောင့် သူမဘယ်နားမှာမှန်းတောင် သူမမြင်ရပေ။
“ဘာဖြစ်လို့ မီးပိတ်ထားတာလဲ?”
မော့ဟန်က မေးသည်။
“အိပ်နေပြီလို့ မပြောဘူးလား?”
ရှုချင်းရီက နောင်တရနေသည့်အသံဖြင့် ပြောသည်။ အစက သူမပြောတာကိုကြားရင် မော့ဟန်က လှည့်ပြန်သွားကာ နောက်နေ့မှ ပြောစရာရှိသည်ကို ပြောလိမ့်မယ်ဟု ထင်ခဲ့သည်။ သို့သော် သူမအထင်မှားသွားခဲ့သည်။
မော့ဟန်က အခန်းမီးကို ကလစ်ခနဲ အကျယ်ကြီးဖွင့်လိုက်သည့်နောက် တစ်ခန်းလုံး လင်းထိန်သွားသည်။ အခန်းထဲကို သူ့မျက်လုံးက ပတ်ရှာကြည့်သောအခါ ရှုချင်းရီက ကုတင်ဘေးက ကြမ်းပြင်ပေါ်တွင် ဒူးလေးပိုက်ကာ ထိုင်နေသည်။ လက်တစ်ဖက်က သူမမျက်လုံးကို ကာထားသည်။
“မီးဖွင့်မယ်ဆိုရင်လည်း ကြိုပြောလို့မရဘူးလား?”
ရှုချင်းရီက အော်သည်။
မော့ဟန်က တံခါးပိတ်ပြီးဝင်လာကာ ဘာမှမပြောပေ။ သူကရှုချင်းရီဘေးကို လျှောက်သွားကာ သူမကိုငုံကြည့်ရင်း
“ပြန်လာတာစောသားပဲ”
ရှုချင်းရီက သူ့ကိုကျောခိုင်းရင်း ပြတင်းပေါက်ကို ကြည့်ကာ
“ညနေပိုင်းအတန်းမရှိလို့”
“အပြင်ထွက်ပြီး ညစာမစားဘူးလား?”
“မဆာဘူး”
“ဒီလိုပြောတာကို ကြားရခဲသားပဲ”
မော့ဟန်က ရယ်လေသည်။
“မနက်က ပြောမယ်ဆိုတာ ဘာလဲ?”
ရှုချင်းရီက အရင်မေးလိုက်သည်။
မော့ဟန်က ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး သူမလိုပဲ ပြတင်းပေါက်ကို ငေးကာ
“မနက်က လောနေလို့။ အခုတွေးကြည့်လိုက်တော့လည်း နောက်မှပဲ ငါတို့ဆွေးနွေးတာ ကောင်းမလားလို့”
ရှုချင်းရီက စိတ်ချမ်းသာသွားသော်လည်း မျက်လုံးကိုလှန်လိုက်မိသည်။ သူမက မော့ဟန်သူ့ကို ကန်ထုတ်မလားဟု ကြောက်လန့်နေခဲ့တာ ဖြစ်သည်။
“ဒီညကတော့ ထားလိုက်ပါတော့။ အကုန်လုံးကို ရှင်းပြဖို့က အချိန်အရမ်းတိုနေလို့”
မော့ဟန်က အိမ်ထဲကိုဝင်လာသည့်အခါ စိတ်ပြောင်းသွားခြင်းဖြစ်သည်။ သူနှင့် သူ့မိဘတွေရဲ့ ဆက်ဆံရေးအကြောင်းကို ထိုင်ပြောပြဖို့ဆိုလျှင် သူတို့အတွက် လုံလောက်သည့်အချိန်ရဖို့ သူအခွင့်ကောင်း ရှာရလိမ့်မည်။ အခုတော့ သူမဘေးတွင် စိတ်အေးလက်အေး ထိုင်နေချင်သေးသည်။ ထို့ကြောင့် ရှုချင်းရီကြည့်နေသည့် ပြတင်းပေါက်ကို သူလိုက်ကြည့်ကာ အခန်းထဲတွင် တိတ်ဆိတ်နေခြင်းဖြစ်သည်။
“သူတို့ဘာလုပ်နေမယ်ထင်လဲ?”
ရှုချင်းရီက သူမဟာသူမရေရွတ်နေသလိုမျိုးဖြင့် ခေါင်းလေးစောင်းကာ ပြတင်းပေါက်ကို ငေးရင်းပြောသည်။
“ဘာလဲ?”
“သူတို့ဘာလုပ်နေကြမလဲလို့? ညီမလေးရဲ့မိသားစုအရင်းတွေလေ . . .”
“သူတို့က မင်းကိုလိုက်ရှာနေကြမှာပါ”
မော့ဟန်က ရှုချင်းရီ၏ နောက်ကျောသေးသေးလေးကိုကြည့်ရင်း သူမ၏အထီးကျန်နေမှုကို ခံစားမိသည်။
“ဒါပင်မယ့် ဘာဖြစ်လို့ သူတို့လက်လျှော့လိုက်ပြီလို့ ထင်နေရတာလဲ?”
ရှုချင်းရီက ခါးသီးစွာရယ်ရင်း ပြောသည်။
‘သူတို့သာ လက်မလျှော့ဘူးဆိုရင် ဘာဖြစ်လို့ ဆေးရုံမှာ ငါမျောနေတုန်းက လူနာတောင် လာမတွေ့ကြတာလဲ?
သူတို့သာ လက်မလျှော့ဘူးဆိုရင် ဘာဖြစ်လို့ ငါပြန်ကောင်းသွားတာတောင် လာမရှာကြတာလဲ?
သူတို့သာ လက်မလျှော့ဘူးဆိုရင် ဘာဖြစ်လို့ သူမမှတ်မိသလောက် မှတ်ညဏ်တွေက ခါးသီးပြီး နာကျင်စရာ ကောင်းနေရတာလဲ?’
“ဒီမှာဘယ်လောက်ကြာကြာနေလို့ရမှာလဲဟင်?”
ရှုချင်းရီက မေးလိုက်သည်။ သူမဒီနေရာကနေ ဘယ်တော့ကန်ထုတ်ခံရမလဲကို မေးနေခြင်းလည်း ဖြစ်ပါသည်။
မော့ဟန်က ခနလောက် ရင်ထဲတွင်အောင့်သွားသည်။ သူ့အရှေ့က ကောင်မလေးသေးသေးလေး၏ ဆံနွယ်များကို ကြင်နာစွာ ပွတ်သပ်ပေးရင်းကနေ သူပြောပေးလိုက်သည်။
“သူတို့မင်းကိုရှာမတွေ့ခင်အထိ ဒီမှာနေလို့ရပါတယ်”
ရှုချင်းရီက ကြောင်အသွားသည်။ သူလက်က သူ့ဆံပင်တွေကို ပွတ်ပေးနေသောခံစားမိကြောင့် သူမတိတ်တိတ်ဆိတ်ဆိတ်လေးပဲ နေလိုက်သည်။