May Honey Logo May Honey
Previous Next

၃၃။ ကိုကြီးဘေးမှာအိပ်မယ်

မော့ဟန်က သူမကို တည်ကြည်စွာတစ်ချက်ကြည့်လိုက်ပြီးနောက် သူ့လက်ထဲမှာ စာရွက်စာတမ်းတွေကို ပြန်ရှာကာ
“အရမ်းပျော်မနေနဲ့ဦး။ ဒါကပြဿနာ သေးသေးလေးပဲ ရှိသေးတယ်။ ဥက္ကဋ္ဌကျန်းဖုံးကွယ်ထားတဲ့ဟာကို ရှာပြီးတော့ မရှင်းရသေးဘူး”

ရှုချင်းရီက နှုတ်ခမ်းဆူပြီး ထွက်သွားသည်။ သူမအခန်းထဲတွင် လျှောက်ကြည့်နေရင်းက နံရံပေါ်မှ နာရီက ၁၀နာရီထိုးသည်ကို တွေ့သွားသည်။

အတော်နောက်ကျနေပြီဖြစ်သောကြောင့် ရှုချင်းရီမှာ ပလုပ်လုပ်နေဆဲဖြစ်သည့်မော့ဟန်ကို ကြည့်လိုက်သည်။ သူသည် စီးပွားရေးဥပဒေစာအုပ်အထူကြီးကိုလည်းလှန်ကာ စာရွက်စာတမ်းတွေပြင်ကာ လျှောက်တင်မည့်စကားများကိုလည်း ပြင်ဆင်နေသည်။

“ပြန်ကြတော့မလား? ဆယ်နာရီရှိနေပြီ”

မော့ဟန်က သူ့လတ်ပတ်နာရီကိုကြည့်သည်။ ထို့နောက်သူလုပ်လက်စများကိုရပ်ကာ မတ်တပ်ထရပ်သည်။ ဒါပင်မယ့် သူကအလုပ်ဆင်းမည့်ပုံ မပေါက်လေဘူး။ သူ့ကုတ်အင်္ကျီကိုဝတ်ကာ
“လာ အိမ်ပြန်လိုက်ပို့ပေးမယ်”

ရှုချင်းရီက နည်းနည်းအံ့သြသွားသည်။
“ကိုကြီးက ဒီကိုပြန်လာဦးမှာလား?”

မော့ဟန်က ကားသော့ယူကာ လမ်းလျှောက်ရင်းပြောသည်။
“မနက်ဖြန်မနက် ဥက္ကဋ္ဌကျန်းရဲ့အမူအတွက် ရုံးချိန်းရှိတယ်။ အတည်မပြုရသေးတဲ့ စာရွက်စာတမ်းတွေရှိသေးတယ်။ မနက်ဖြန်မတိုင်ခင် ပြင်ဆင်ထားရမှာ”

“ဒါပင်မယ့် နောက်ကျနေပြီလေ!”

“ကျင့်သားရနေပါပြီ”
မော့ဟန်အမူအယာက အေးစက်ဆဲပင်။ သူလမ်းလျှောက်လာစဉ်တွင် သူ့အနားကိုဘယ်သူ့မှ မကပ်ရဲစေသည့် အရှိန်အဝါတို့ ထုတ်လွှင့်နေသည်။ ရုံးကလူတိုင်းက အိမ်ပြန်သွားကြပြီ။ ကော်ရစ်တာမီးကိုလည်းပိတ်ခဲ့ကြပြီး ရုံးစားပွဲပေါ်မှ စာကြည့်မီးများ၏ အလင်းရောင်သာရှိသည်။ သူတို့နှစ်ယောက်သည် မီးရောင်မှိန်မှိန်များကြားတွင် အပြင်သို့လျှောက်လာခဲ့ကြသည်။ မော့ဟန်က ကောင်တာရှိ ရှုချင်းရီဝယ်ခဲ့သမျှ အထုတ်အားလုံးကိုဆွဲသွားကာ ရှေ့မှလျှောက်သွားသည်။ ထို့နောက် ဓာတ်လှေကားစီးကာ အောက်ထပ်က ကားပါကင်သို့ သွားသည်။

ဓာတ်လှေကားဆင်းနေစဉ် ရှုချင်းရီက နံပတ်များကိုကြည့်ရင်း
“ညီမလေးပြောတဲ့အတွေးက အသုံးဝင်လား?”

“ပြောတာတွေက ဖြစ်နိုင်ချေရှိတယ်။ ဒါပင်မယ့် သက်သေလိုတယ်။ အကုန်လုံးက အမှန်ဆိုရင်တောင် သက်သေမရှိဘဲ ဘယ်လိုသက်သေပြမလဲ?”

“ဒါဆိုရင်. . .အသုံးမဝင်ဘူးလား?”
ရှုချင်းရီက မကူညီနိုင်သည့်အခါ နည်းနည်းစိတ်ပျက်သွားသည်။

မော့ဟန်က သူမကိုကြည့်ကာ
“လုံးဝအသုံးမဝင်တာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ အတွေးတစ်ခုရတာပေါ့”

ရှုချင်းရီက မပြုံးဘဲ မနေနိုင်တော်ပေ။ ထို့နောက် ရွှင်မြူးနေသည့်လေသံဖြင့်
“ဒါဆိုရင် မနက်ဖြန် ကိုကြီးနိုင်မယ်မလား?”

မော့ဟန်က ခပ်ဖွဖွရယ်သည်။ ဓာတ်လှေကားကလည်း ပွင့်သွားသောအခါ သူကပြန်မဖြေဘဲ ထွက်သွားသည်။

“Sတက္ကသိုလ်ဆိုတဲ့ ကျောင်းကောင်းတစ်ခုတွေ့ထားတယ်။ အဲ့ဒီမှာ HR(Human Resources)သွား တက်ချေ။ လျှောက်လွှာကိစ္စတွေအကုန် လုပ်ထားပြီးသား။ သက်သာလာရင် ကျောင့်လိုက်ပို့မယ်”

“ဟုတ်”
ရှုချင်းရီက သေချာပေါက်ကို ကျောင်းကိစ္စစိတ်မဝင်စားလေဘူး။ သူမကသူ့နောက်က ပုံမှန်လိုက်သွားသည်။

မော့ဟန်က စကားနည်းတဲ့သူဖြစ်ပြီး များသောအားဖြင့် ဆိတ်ဆိတ်နေသည်။ ရှုချင်းရီကလည်း စကားမပြောတော့ပါ။ သူမကဒီနေ့တစ်နေ့လုံးပင်ပန်းသွားသောကြောင့် ကားပေါ်တွင်ထိုင်ချလိုက်ပြီး ခေါင်းလေးစောင်းကာ မှီထားသည်။ သူမကအရမ်းပင်ပန်းနေသောကြောင့် လက်ကလေးတစ်ချောင်းတောင် မလှုပ်ချင်တော့ဘဲ အိပ်ချင်နေလေပြီ။

မော့ဟန်က သူမ၏ဒီလိုပုံကိုမြင်သောအခါ
“ခါးပတ်ပတ်ဦး”

ရှုချင်းရီက ဘာမှပြန်မပြောသလို နားလည်းမထောင်ဘူး။ သူမကမျက်မှောင်ကျုံကာ ကားပြတင်းပေါက်ကိုမှီရင်း အခုအိပ်သင့်မအိပ်သင့် တွေးနေလေသည်။

မော့ဟန်က သက်ပြင်းချကာ သူကိုယ်တိုင်ခါးပတ်ပတ်ပေးလိုက်ပြီး ကားစက်နှိုးကာ ထွက်သည်။

သူတို့အိမ်အနားရောက်သည့်အခါ မော့ဟန်က ကားပါကင်တွင် ကားထိုးလိုက်သည်။ ထို့နောက် သူ့ခါးပတ်ကိုဖြုတ်ပြီးသည့်အခါ နိုးလာမည့်ပုံမပေါ်ဘဲ အိပ်ပျော်နေသည့် ရှုချင်းရီကို ကြည့်လိုက်သည်။

“ထတော့! အပေါ်ရောက်မှအိပ်”
မော့ဟန်က ရှုချင်းရီကို လှုပ်နှိုးလိုက်သည်။

ရှုချင်းရီက မရှုနိုင်မကယ်နိုင် အိပ်ချင်နေသည်။ သူမမျက်လုံးပွင့်လာသည့်ခနတွင် မီးရောင်ဖျော့ဖျော့အောက်မှာ မော့ဟန်က ကားထဲကထွက်သွားသည်ကို မြင်လိုက်သည်။ သူမက အရမ်းပင်ပန်းလွန်းနေသောကြောင့် ထပ်အိပ်ပျော်သွားပြန်သည်။

Previous Chapter 33 of 75 Next